တရားမဝင် မြန်မာတွေ တင်ဆောင်လာတဲ့ကားများ ထိုင်းမှာ ယဉ်တိုက်မှုမကြာခဏဖြစ်
မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို တင်လာတဲ့ ကားနဲ့ ထိုင်းဖျော်ဖြေရေး အကအဖွဲ့တွေကို တင်ဆောင်လာတဲ့ကား ယာဉ်တိုက်မှုဖြစ်ခဲ့ပါတယ်။
-
လုဆိုင်း
2022-02-19 -
-
-
ထိုင်းနိုင်ငံ မနော်ရမ်ခရိုင် ချိုင်နတ်မြို့နယ်အတွင်း ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မနက် အစောပိုင်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို တင်ဆောင်လာတဲ့ လူမှောင်ခို ကားတစ်စီးနဲ့ ထိုင်းဖျော်ဖြေရေး အကအဖွဲ့တွေကို တင်ဆောင်လာတဲ့ ကားတစ်စီး ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ရာ အမျိုးသမီး တစ်ဦးသေဆုံးပြီး ၁၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ယာဉ်တိုက်မှုဟာ မနောရမ်ခရိုင် ဖဟောလယိုသင်လမ်းပေါ်ရှိ ခွန်စမ်ဖောလမ်းဆုံမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၃ ဦး အပါအဝင် ၁၆ ဦး ဒဏ်ရရှိခဲ့တယ်လို့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ထုတ်ပြန်တဲ့ ဘန်ကောက်ပိုစ့်သတင်းမှာ ဖော်ပြထားပါတယ်။
မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ခေါ်ဆောင်လာတဲ့ ယာဉ်မောင်းမှာ ထွက်ပြေးသွား ပြီး မြန်မာ ၂ ဦးမှာလည်း ထွက်ပြေးဖို့ ကြံပေမယ့် ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဒဏ်ရာရရှိတဲ့ ရွှေ့ပြောင်းနေထိုင်သူ နှစ်ဦးမှာ ကိုဗစ်ရောဂါပိုး တွေ့ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။
အခုလို အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို တင်ဆောင်လာတဲ့ကား မတော်တဆမှုတွေ မကြာခဏ ဖြစ်ပွားလာနေတာကြောင့် တရားခံလို့ယူဆရတဲ့ လူမှောင်ခို ဂိုဏ်းတွေကို ဖမ်းဆီးပြီး ထိုင်းအစိုးရနေနဲ့ ထိထိရောက်ရောက် စနစ်တကျ ကိုင်တွယ်ဖြေ ရှင်းပေးသင့်တယ်လို့ မြန်မာအလုပ်သမားအရေး ဆောင်ရွှက်နေတဲ့ မဲဆောက်မြို့အခြေစိုက် ရောင်ခြည်ဦး အလုပ်သမားအဖွဲ့က ထိုင်းနိုင်ငံဆိုင်ရာ တာဝန်ခံ ဦးမိုးကျော်က ပြောပါ တယ်။
“ကျနော်တို့နိုင်ငံရဲ့ အခြေအနေအရ လူငယ်တွေဟာ အလုပ်အကိုင် အခွင့်အလမ်းရှိ တယ်လို့ ထင်တဲ့နေရာထွက်ပြီး အလုပ်လုပ်ကိုင်တဲ့အခါမှာ ပွဲစားတွေနဲ့ ချိတ်ဆက်ပြီး တော့ နယ်စပ်ကနေ ထိုင်းနိုင်ငံအတွင်းပိုင်းထိ ဝင်ရောက်တာတွေ ရှိတဲ့အခါကြတော့ ကားတိုက်မှုတွေဖြစ်တယ်။ အဲဒီယာဉ်ပေါ်မှာပါလာတဲ့ ကျနော်တို့ ရွှေ့ပြောင်းအလုပ် သမားတွေ သေဆုံးသွားတာတွေ ကြားနေရပါတယ်။ ဒါတွေက မဖြစ်သင့်ဘူး။ လူ မှောင်ခိုဂိုဏ်းတွေကနေ မက်လုံးပေးပြီးတော့ ပိုက်ဆံလည်း အများကြီးပေးရတယ်။ အသက်ရင်းပြီးတော့ အဖြစ်ဆိုးတဲ့ သေဆုံးသွားတာတွေက မဖြစ်သင့်ဘူး။ ဒီလို ဖြစ်တာတွေကို တာဝန်ရှိတဲ့လူတွေကနေ စနစ်တကျ ကိုင်တွယ်ဖြေရှင်းဖို့ လိုတယ်”
ဖေဖော်ဝါရီလ ဒုတိယပတ်အထိ အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၀၀၀ ကျော်နဲ့ လူပွဲစား ၁၈ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့တယ်လို့ အလုပ်သမား အရေး ဆောင်ရွက်သူတွေက ပြောပါတယ်။
ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်လာပြီး ယာဉ်တိုက်မှုတွေ မကြာခဏဖြစ်လို့ ထိခိုက်သေဆုံး တာတွေ ရှိလာတဲ့အတွက် ဖြစ်နိုင်ရင် ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေ တရားမဝင် မဝင်လာကြဖို့ ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (FED) က အလုပ်သမားရေးတာဝန်ခံ ဦးမင်းဦးက ပြောပါတယ်။
“တရားမဝင် ဝင်လာတဲ့အခါကြတော့ လူမှောင်ခိုတွေအနေနဲ့ကလည်း သူတို့ ပို့ပေးရမယ့် နေရာ၊ မူတည်ပြီးတော့ ရမဲ့ငွေကြေးပေါ်မူတည်ပြီးတော့ ဦးတည်ချက်ထားပြီး လုပ်တာ လေ။ အသက်တွေဘာတွေ ဂရုစိုက်တာ မဟုတ်ဘူး။ သိတဲ့အတိုင်း ပွဲစားလက်ထဲရောက် သွားရင် သူတို့ စီစဉ်တဲ့အတိုင်း သွားရတာလေ။ တကယ်လို့ ဖြစ်လာရင် ကားသမားက ထားပြီးထွက်ပြေးတာပဲ”
ဖေဖော်ရီလ ၁၅ ရက်နေ့ကလည်း ထိုင်းနိုင်ငံမြောက်ပိုင်း ဟော့ခရိုင် ချင်းမိုင်မြို့နယ်ထဲမှာ တရားမဝင် မြန်မာ ၂၀ လောက် တင်ဆောင်လာတဲ့ ကားနဲ့ မော်တော်ဆိုင်ကယ်တစ်စီး တိုက်မိလို့ ဆိုင်ကယ်စီးလာတဲ့ အသက် ၁၃ နှစ်အရွယ် ကလေး တစ်ဦး သေဆုံးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀ ရက်နေ့မှာလည်း ထိုင်းမြန်မာနယ်စပ် ကန်ချနဘူရီခရိုင် စိုင်ရိုမြို့နယ် အတွင်း ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေ တင်ဆောင်လာတဲ့ကား ယာဉ်တိုက်မှုမှာလည်း မြန်မာအလုပ်သမား ငါးဦး သေဆုံးခဲ့ပါတယ်။
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ထိုင်းမြန်မာနယ်စပ်တွေမှာပဲ ဖမ်း ဆီးခံရမှုတွေ အများဆုံးရှိခဲ့ပေမယ့် အခုနောက်ပိုင်း ထိုင်းနိုင်ငံ အတွင်းပိုင်းထိ ဝင်လာရာ ကနေ ယာဉ်တိုက်မှုတွေကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ သေဆုံးမှုတွေ၊ ရှိလာတာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံထဲ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ နေ့စဉ်ဆိုသလို ဖမ်းဆီးခံနေရပြီး ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာလည်း ထိုင်းမြန်မာနယ်စပ် ပရာကျွတ်ခရီခန်ခရိုင်မှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၂၆ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်လို့ ဘန်ကောက်ပိုစ့်သတင်းမှာ ဖော်ပြထားပါတယ်။