ရခိုင်ပြည်နယ် အခြေအနေတွေမကောင်းသေးကြောင်း ICRC ဥက္ကဋ္ဌပြော
ရခိုင်ပြည်နယ်မှာ အဖက်ဖက်က အခြေအနေ မကောင်းသေးဘူးလို့ ICRC အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ ဥက္ကဋ္ဌ ပီတာမော်ရာ (Peter Maurer) က ပြောလိုက်ပါတယ်။
-
2018-06-29 -
-
-
ရခိုင်ပြည်နယ်မှာ အဖက်ဖက်က အခြေအနေ မကောင်းသေးဘူးလို့ ICRC အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ ဥက္ကဋ္ဌ ပီတာမော်ရာ (Peter Maurer) က ပြောလိုက်ပါတယ်။
အခုရက်ပိုင်းတွင်း ရခိုင်ပြည်နယ်ကို ကိုယ်တိုင် သွားရောက်လေ့လာခဲ့တဲ့ မစ္စတာမော်ရာဟာ အစိုးရနဲ့ တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပြီးနောက် ဇွန်လ ၂၉ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်တာပါ။
“အရပ်သားတွေကို အကာအကွယ်ပေးဖို့၊ ပြည်သူတွေရဲ့ စားဝတ်နေရေး အသက်မွေးဝမ်းကြောင်း မှုတွေကို ကူညီဖို့၊ လူ့အသိုင်းအဝိုင်းတွေအကြား ပြန်လည်ပေါင်းစည်း ညီညွတ်ရေးတွေကို ထောက်ပံ့အားပေးဖို့အတွက် အရပ်သားဘက်ကရော တပ်မတော်ဘက်ကပါ အာဏာပိုင်တွေအနေနဲ့ လုပ်နိုင်တာတွေ အားလုံးလုပ်ဖို့ တာဝန်ရှိနေပါတယ်” လို့ မစ္စတာမော်ရာက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒါ့အပြင် ICRC အနေနဲ့ ဒေသခံတွေပြောလိုက်တာကို အထူးအလေးထားပြီး လုပ်နိုင်တာမှန်သမျှ အစွမ်းကုန် လုပ်ဆောင်သွားမှာဖြစ်သလို၊ နိုင်ငံတကာကိုလည်း ဆော်သြစည်းရုံးရမယ်လို့ မစ္စတာမော်ရာက ပြောဆိုသွားပါတယ်။