ICJ မှာ စစ်ကောင်စီ ဖြေရှင်းခွင့်ရ၊ NUG နဲ့ လူ့အခွင့်အရေးအဖွဲ့တွေ ကန့်ကွက်
ICJ တရားသူကြီးဥက္ကဋ္ဌ Joan E donoghue ကတော့ စစ်ကောင်စီကို တက်ရောက်ခွင့်ပေးတာဟာ ICJ အနေနဲ့ အစိုးရအဖြစ် အသိအမှတ် ပြုပေးလိုက်တာမဟုတ်ဘဲ နိုင်ငံကိုယ်စားပြုတက်ရောက်ခွင့်ပြုတာလို့ ကြားနာပွဲမစခင်မှာ ပြောဆိုခဲ့ပါတယ်။
- 2022-02-21
-
-
-
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာနိုင်ငံ ကို ဂမ်ဘီယာ နိုင်ငံက အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ တရားစွဲဆိုထားတဲ့ အမှုနဲ့ ပက်သက်ပြီး၊ လေးရက်ကြာ ကြားနာ စစ်ဆေးမှုတွေကို မနေ့က နယ်သာလန် နိုင်ငံ သည်ဟိဂ်မြို့ ICJ တရားရုံးမှာ ပြန်လည်စတင်ခဲ့တာ ဖြစ်ပါတယ်။
ဒီကြားနာပွဲကိုတက်ရောက်ရဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ စစ်ကောင်စီတို့ အပြိုင်အဆိုင်ကြိုးစားခဲ့ကြပေမယ့် စစ်ကောင်စီဘက်က အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်၊ ရှေ့နေချုပ် ဒေါ်သီတာဦးတို့ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခွင့်ရနေပါတယ်။
ICJ တရားသူကြီးဥက္ကဋ္ဌ Joan E donoghue ကတော့ စစ်ကောင်စီကို တက်ရောက်ခွင့် ပေးတာဟာ ICJ အနေနဲ့ အစိုးရအဖြစ် အသိအမှတ် ပြုပေးလိုက်တာမဟုတ်ဘဲ နိုင်ငံကိုယ်စားပြု တက်ရောက်ခွင့်ပြုတာလို့ ကြားနာပွဲမစခင်မှာ ပြောဆိုခဲ့ပါတယ်။
ICJ မှာ စစ်ကောင်စီ တက်ရောက်ခွင့်ရတာဟာ စိတ်ပျက်စရာကောင်းပြီး အမှုအတွက် မလိုလားအပ်တဲ့ ကြန့်ကြာမှုတွေဖြစ်နိုင်တယ်လို့ ကုလသမဂ္ဂ ကိုယ်စားလှယ်ဟောင်းတွေနဲ့ ဖွဲ့ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
တချိန်တည်းမှာ NUG အစိုးရတာဝန်ရှိသူတွေနဲ့ ရိုဟင်ဂျာ လူ့အခွင့်အရေး အဖွဲ့တွေက တရားရုံး ပြင်ပမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး၊ ICJ တရားရုံးကနေ စစ်ကောင်စီကို မြန်မာနိုင်ငံ ကိုယ်စားပြု လျှောက်လဲဖို့ ခွင့်ပြုပေးလိုက်တာကို ဝေဖန်ပြောကြားခဲ့ကြပါတယ်။
ဥရောပ ရိုဟင်ဂျာများ ကောင်စီက Ambia Perveen ကတော့ ICJ တရားရုံးကနေ စစ်ကောင်စီကို မြန်မာနိုင်ငံ ကိုယ်စားပြု လျှောက်လဲဖို့ ခွင်ပြုလိုက်တာဟာ စိတ်ပျက်စရာ ပဲလို့ ပြောပါတယ်။
“ICJ တရားရုံးဟာ လူမျိုးတုံး သတ်ဖြတ်မှုကို ကျူးလွန်ခဲ့တဲ့ အာဏာသိမ်း စစ်ကောင်စီကို မြန်မာနိုင်ငံ ကိုယ်စားပြုပြီး လျှောက်လဲချက်ပေးဖို့ ခွင့်ပြုပေးလိုက် တာဟာ တကယ်ပဲ စိတ်မကောင်းစရာ၊ စိတ်ပျက်စရာ ဖြစ်ပါတယ်။ စစ်ကောင်စီဟာ မြန်မာနိုင်ငံ နဲ့ မြန်မာပြည်သူတွေရဲ့ အသံကို ကိုယ်စားမပြုဘဲ၊ အမျိုးသား ညီညွတ်ရေး အစိုးရ NUG ကသာ ကိုယ်စားပြုတာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မတို့အနေနဲ့ ကတော့ ဒီအမှုကို နှောင့်နှေးကြန့်ကြာတာ မရှိပဲ ဆက်ပြီး ကြားနာစစ်ဆေး စေချင်ပါတယ်။”
စစ်ကောင်စီကို လက်ခံကြားနာခွင့်ပြုတဲ့ ICJ တရားရုံးကို ကန့်ကွက်တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။
“ICJ ကိုကျနော်တို့ စာတွေပေးပို့ထားပါတယ်။ ဒီကိစ္စမှာ စစ်ကောင်စီက အစိုးရ မဟုတ်ဘူး၊ အာဏာသိမ်းဖို့ ကြိုးစားနေတဲ့ အကြမ်းဖက်အဖွဲ့ပဲဖြစ်တယ်၊ ဒါ့ကြောင့် ဒီလိုမျိုးတွေကို လက်မခံဖို့၊ NUG ကသာ တရားဝင်အစိုးရဖြစ်တာကြောင့် ပြန်အသိ အမှတ်ပြုဖို့ စာတွေထပ်ပို့ထားတာရှိပါတယ်။ ICJ ရဲ့ ဆုံးဖြတ်ချက်ကို ကျနော်တို့ ဆက်စောင့်ကြည့်နေပါတယ်"
မနေ့က ပြုလုပ်တဲ့ ကြားနာ စစ်ဆေးမှုအတွင်း အာဏာသိမ်း စစ်ကောင်စီရဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကိုကိုလှိုင်နဲ့ ငှားရမ်းထားတဲ့ ဗြိတိန် အခြေစိုက် ဥပဒေပညာရှင် အဖွဲ့က ရှေ့နေတွေ တက်ရောက်ခဲ့ပါတယ်။
စစ်ကောင်စီခန့် ရှေ့နေ Christopher Staker က မြန်မာနိုင်ငံကို ရိုဟင်ဂျာ လူမျိုးတုံး သတ်ဖြတ်မှုနဲ့ တရားစွဲတဲ့ ဂမ်ဘီယာနိုင်ငံရဲ့ နောက်ကွယ်မှာ အစ္စလာမ် နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့OIC က ကြိုးကိုင် ဆောင်ရွက်နေတာ ဖြစ်တဲ့ အတွက်၊ ဒီအမှုကို လက်မခံသင့်ကြောင်း ပြောသွားပါတယ်။
“ဥပဒေအရဆိုရင် နိုင်ငံတကာ အဖွဲ့အစည်း တစ်ခုကနေ သူတို့ ကြိုးဆွဲရာကမယ့် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံကို အသုံးချပြီး၊ ဒီအမှုကို တရားရုံးမှာတင်သွင်း လာတာမျိုးက မဖြစ်သင့်ပါဘူး။ ဒီပြောကြားချက်နဲ့ ပက်သက်လို့၊ ဂမ်ဘီယာနိုင်ငံဘက်က ခိုင်လုံတဲ့ အကြောင်းပြချက်ပေးတာ မရှိသေးပါဘူး။”
စစ်ကောင်စီဌားရမ်းထားတဲ့ ရှေ့နေ နောက်တစ်ဦးဖြစ်တဲ့ Stefan Talmon ကလည်း ဂမ်ဘီယာနိုင်ငံဟာ ဒီအမှုကို တစ်စုံတစ်ဦးရဲ့ အကျိုးစီးပွားအတွက် စွဲဆိုတာ မဟုတ်တဲ့ အကြောင်း သက်သေမပြနိုင်ဘူးလို့ ပြောသွားပါတယ်။
“ဂမ်ဘီယာနိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှု ကွန်ဗင်းရှင်း သဘောတူညီချက်ရဲ့ ပုဒ်မ ၉ အရ၊ ဒီအမှုကို ICJ တရားရုံးကနေ စီရင် ပိုင်ခွင့်ရှိတယ်ဆိုတာ သက်သေပြနိုင်ဖို့ တော်တော်လေး ကြိုးစားထားတာတွေ့ရပါတယ်။ ဒါပေမယ့် ဒီအမှုဟာ နိုင်ငံတစ်နိုင်ငံ၊ အသင်းအဖွဲ့ တစ်ခုတည်းရဲ့ အကျိုးစီးပွားအတွက် စွဲဆိုတာ မဟုတ်တဲ့အကြောင်းတော့ သက်သေပြထားတာတော့ မရှိသေးပါဘူး”
ဒါ့အပြင် မြန်မာနိုင်ငံဟာ လူမျိုးတုံး သတ်ဖြတ်မှု တားဆီးရေး ကွန်ဗင်းရှင်း သဘောတူ စာချုပ်ကို လက်မှတ်ရေးထိုးထားပေမယ့်၊ ဒီစာချုပ်ထဲမှာပဲ သက်ဆိုင်ရာ နိုင်ငံအစိုးရရဲ့ သဘောတူ ခွင့်ပြုချက်မရှိပဲ၊ အရေးယူဆောင်ရွက်ခွင့်မရှိစေဖို့ ပြဌာန်းထားတာကိုလည်း မြန်မာ ရှေ့နေ့တွေက ထောက်ပြခဲ့ပါတယ်။
အာဏာသိမ်း စစ်ကောင်စီရဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကိုကိုလှိုင်က “ICJ တရားရုံးအနေနဲ့ ဒီအမှုကို စစ်ဆေးစီရင်ခွင့်မရှိဘူးလို့ မြန်မာနိုင်ငံဘက်က လျှောက်လဲနေတာဟာ၊ ဂမ်ဘီယာနိုင်ငံဘက်က တင်သွင်းတဲ့ ဒီအမှုအတွက် အဖြေမရှိတဲ့ သဘောမဟုတ်ပါဘူး။ မြန်မာနိုင်ငံ အစိုးရအနေနဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ကာလရှည်ကြာရှိနေတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ သံန္နိဋ္ဌာန် ချမှတ်ပြီး ဆောင်ရွက်နေပါတယ်”
ICJ တရားရုံးထဲမှာ ကြားနာပွဲလုပ်နေချိန် နယ်သာလန်ရောက် မြန်မာတချို့ကလည်း စစ်ကောင်စီတက်ရောက် ဖြေရှင်းတာကို မလိုလားကြောင်း ဆန္ဒပြခဲ့ကြပါတယ်။
ကြားနာပွဲကို လေးရက် လုပ်မှာဖြစ်ပြီး လာမယ့် ဖေဖော်ဝါရီလ ၂၅ရက်နေ့မှာ မြန်မာဘက်က ဒုတိယ အကြိမ်ကြားနာ လျောက်လဲမှာဖြစ်ပြီး၊ ဖေဖော်ဝါရီလ ၂၃ ရက်နဲ့ ၂၈ ရက်နေ့တွေမှာ ဂမ်ဘီယာနိုင်ငံဘက်က လျှောက်လဲချက်ပေးမှာ ဖြစ်ပါတယ်။