မြန်မာနိုင်ငံ အပြောင်းအလဲမှာ အနှောင့်အယှက်တွေ ရှိနိုင်
မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ပြုလုပ်မယ့် အကြောင်း သမ္မတဦးသိန်းစိန်က ကတိပြုထားပေမယ့် နှောင့်ယှက် ဟန့်တားမှုတွေနဲ့ ရင်ဆိုင်ရနိုင် ကြောင်း ICG ခေါ် “နိုင်ငံတကာ ပဋိပက္ခ လေ့လာရေး အဖွဲ့” က ပြောဆိုလိုက်ပါတယ်။
-
2011-09-24 -
-
-
ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲမြို့ အခြေစိုက် ICG အဖွဲ့က စက်တင်ဘာလ ၂၂ ရက် နေ့စွဲနဲ့ ထုတ်ပြန်တဲ့ “မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှု” အမည်ရှိ စာတမ်းမှာ အဲဒီလို ဖော်ပြထားတာပါ။
စစ်တပ်ကြီးစိုးတဲ့ အစိုးရအဖွဲ့တွင်းက သဘောထား တင်းမာသူတွေနဲ့ လက်ရှိ စီးပွားရေး အခွင့်ထူးခံတွေက အပြောင်းအလဲတွေကို နှောင့်ယှက် ဟန့်တားလာနိုင်ကြောင်း ICG အဖွဲ့ရဲ့ အရှေ့တောင်အာရှရေးရာ စီမံကိန်း ဒါရိုက်တာ Jim Della-Giacoma က ပြောပါတယ်။
မြန်မာနိုင်ငံကို အခုသီတင်းပတ်အတွင်း သွားရောက်ခဲ့သူ၊ အမည်မဖော်လိုတဲ့ NGO အရာရှိ တဦးကလည်း လက်ရှိ နေပြည်တော်မှာ ပြုလုပ်နေတဲ့ လွှတ်တော် အစည်းအဝေးမှာ သိသာထင်ရှားတဲ့ အပြောင်းအလဲတွေ အလျင်အမြန် ချမှတ်နေတာ တွေ့ရပေမယ့် ဒါတွေအားလုံးဟာ အချိန်မရွေး တိမ်းစောင်းသွားနိုင်ကြောင်း ပြောဆိုပါတယ်။
ICG အဖွဲ့ရဲ့ အာရှရေးရာအစီအစဉ် ဒါရိုက်တာ Robert Templer ကတော့ အခုအချိန်ဟာ အနောက်နိုင်ငံတွေ အနေနဲ့ မြန်မာအစိုးရအပေါ် အဆက်အဆံ မလုပ်ဘဲ သံသယနဲ့ ရှုမြင်ရမယ့်အချိန် မဟုတ်တော့ကြောင်း ပြောပါတယ်။ ဒ့ါပြင် မြန်မာအစိုးရဟာ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ စဉ်းစားနေတယ်လို့လည်း ဒါရိုက်တာ Robert Templer က ပြောဆိုထားပါတယ်။