မြန်မာနိုင်ငံအပေါ် ဆက်ဆံပုံ ပြောင်းလဲဖို့ အနောက်နိုင်ငံတွေကို ICG တိုက်တွန်း

အနောက်နိုင်ငံတွေ အနေနဲ့ မြန်မာနိုင်ငံ အပေါ် နီးနီးကပ်ကပ် ဆက်ဆံပြီး အစိုးရသစ်ရဲ့ ပြုပြင် ပြောင်းလဲမှုတွေကို အားပေးသင့်တယ်လို့ ICG ခေါ် နိုင်ငံတကာ ပဋိပက္ခ လေ့လာရေးအဖွဲ့က မနေ့က ပြောဆိုပါတယ်။

ICG အာရှရေးရာ ညွှန်ကြားရေးမှူး Robert Templer က - မြန်မာပြည်မှာ နိုင်ငံရေး ဖြစ်စဉ်တွေက မြန်မြန် ဆန်ဆန် ရှေ့ကိုရွေ့နေပါတယ်။ အဲဒီဖြစ်စဉ်တွေဟာ အကောင်းမြင်အဆန်ဆုံး လေ့လာသူတွေတောင် ထင်မြင် မျှော်လင့်ထားတာတွေ မဟုတ်ပါဘူး။ အနောက်နိုင်ငံတွေ အနေနဲ့ အရင်ကလို ခပ်ဝေးဝေးကနေ သံသယနဲ့ ကြည့်နေရမယ့် အချိန် မဟုတ်တော့ပါဘူး။ မြန်မာပြည် အပြောင်းအလဲ ဖြစ်စဉ်အပေါ် အားပေး ထောက်ကူနိုင်ရေး အတွက် ဒီပေါ်ပေါက်လာတဲ့ အခွင့်အလမ်းကို အမိအရ ဖမ်းဆုပ်ကြဖို့ အရေးကြီးပါတယ်လို့ ကြေညာချက် ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။

ICG ရဲ့ ပြောဆိုချက်ဟာ လူ့အခွင့်အရေးအဖွဲ့တွေ၊ ပြည်ပရောက် အဖွဲ့အစည်းတွေရဲ့ ရပ်တည်ချက်နဲ့ ကွဲပြား နေတယ်လို့ အေအက်ပီ သတင်းက ဖေါ်ပြပါတယ်။ မြန်မာပြည်တွင်းမှာ ဆက်လက် ဖြစ်ပေါ်နေတဲ့ အခွင့်အရေး ချိုးဖေါက်မှုတွေ၊ မတော်မတရားမှုတွေ၊ စစ်တပ်က ဆက်လက် ကြီးစိုးနေတာတွေကို ထောက်ပြပြီး၊ လက်ရှိ နိုင်ငံရေး ဖြစ်ရပ်တွေဟာ ဟန်ပြသက်သက် တွေသာ ဖြစ်ကြောင်း ဒီမိုကရေစီရေး အဖွဲ့တွေက ဆိုကြပါတယ်။

မြန်မာ အစိုးရသစ် အပေါ် စီးပွားရေး ပိတ်ဆို့ အရေးယူထားတာကိုလည်း ရုတ်သိမ်းချိန် တန်ပြီလို့ ICG က အနောက်နိုင်ငံတွေကို တိုက်တွန်းပါတယ်။

အမေရိကန် သမ္မတ အိုဘားမား အစိုးရကတော့ မြန်မာနဲ့ ထိတွေ့ ဆက်ဆံရေးကို ဦးစားပေးကိစ္စ တစ်ရပ် အဖြစ် ထားရှိပေမဲ့၊ လုံလောက်တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဆိုင်ရာ တိုးတက်မှုတွေ မရှိဘဲ စီးပွားရေး ပိတ်ဆို့ အရေးယူမှုကို ရုတ်သိမ်းမှာ မဟုတ်ကြောင်း ပြောဆိုထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org