ရှပ်ပြေးယာဉ်မြုပ်မှု ၁၄ ဦး ပျောက်ဆုံးနေဆဲ
ကချင်ပြည်နယ် ဗန်းမော်မြို့မှာ အခုလ ၂၀ ရက်နေ့က နစ်မြုပ်ခဲ့တဲ့ မြမင်းအောင် (၁) ရှပ်ပြေးရေယာဉ်ကို ဒီကနေ့ နေ့လည်ပိုင်းမှာ ကမ်းပေါ်ကို ဝန်ချီစက်နဲ့ ဆွဲတင်နိုင်ခဲ့ပြီး ဖြစ်ပေမယ့် လူ (၁၄) ဦး ပျောက်ဆုံးနေဆဲလို့ ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။
-
2012-07-25 -
-
-
လောလောဆယ်အထိ ကယ်ဆယ်ရရှိသူ (၇၉) ဦးရှိပြီး ဘုန်းကြီးအလောင်း (၁) လောင်း အပါအဝင်၊ စုစုပေါင်း ရုပ်အလောင်း (၁၅) လောင်းကို ဆယ်ယူရရှိထားပြီ ဖြစ်တယ်လို့ ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နေတဲ့ ဗန်းမော်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ဒီကနေ့ ဆယ်ယူရရှိတဲ့ မြမင်းအောင် ရှပ်ပြေးယာဉ်ပေါ်မှာ ထီး ၆ လက်၊ ခရီးဆောင်အိတ် ၉အိတ်ကိုပဲတွေ့ပြီး မတန်တဆ တင်ဆောင်လာတဲ့ ဘိလပ်မြေအိတ်၊ ဓာတ်မြေသြဇာအိတ်နဲ့ မော်တော်ဆိုင်ကယ်တွေကို မတွေ့တာကိုတော့ မြို့ခံတွေက သံသယဝင်နေကြပါတယ်။
ပျောက်ဆုံးနေဆဲ ခရီးသည်တွေရဲ့ မိသားစုဝင်တွေကလည်း သူတို့ရဲ့ မိသားစုဆွေမျိုးတွေကို ရှာမတွေ့သေးတဲ့အပေါ် မကျေမနပ် ဖြစ်နေကြတယ်လို့ သိရပါတယ်။
ဗန်းမော်မြို့မှာ အခု ရှပ်ပြေးရေယာဉ်နစ်မြုပ်မှုနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ် အစိုးရအဖွဲ့က စုံစမ်းရေးအဖွဲ့တစ်ခု ဖွဲ့စည်းသွားမယ်လို့ ဆိုပါတယ်။