လူကုန်ကူးမှု အိုင်အယ်လ်အို တင်ပြ

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်က လူကုန်ကူးမှု တခုကို ရန်ကုန် အခြေစိုက် အိုင်အယ်လ်အို အပြည်ပြည် ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်ရုံးမှာ ဒီကနေ့ သွားရောက် တိုင်ကြားခဲ့တယ်လို့ ကာယကံရှင်နဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။

ထိုင်းနိုင်ငံ ငါးဖမ်းစက်လှေများပေါ်တွင် အလုပ်လုပ်ကိုင်နေကြသော မြန်မာ အလုပ်သမားများသည် လုပ်ခလစာ ပုံမှန်မရသည့်အပြင် သူတို့ကို လူမှောင်ခို ပွဲစားများ အဆင့်ဆင့် ရောင်းစားခဲ့ကြရသည်။ RFA

တောင်ကုတ်မြို့နေ ဦးထွန်းရီနဲ့ သမက်ဖြစ်သူ ကိုစွမ်းဆောင် တို့ကို အိမ်နီးချင်း အလုပ် ပွဲစားတဦးက ထိုင်းနိုင်ငံမှာ အလုပ်အကိုင် ရှာဖွေပေးဖို့ အကျိုးဆောင်ခ အဖြစ် တဦး အတွက် ကျပ် ၆ သိန်းစီယူပြီး အခုနှစ် မတ်လအတွင်း ခေါ်ဆောင် သွားခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့် သူတို့ နှစ်ဦးစလုံးဟာ ထိုင်းနိုင်ငံကို ရောက်ရှိပြီး မကြာခင်မှာပဲ ပင်လယ် ငါးဖမ်း လုပ်ငန်းမှာ ရောင်းစား ခံရပြီးနောက် လစာ တပြားတချပ်မှ မရတဲ့ ပင်လယ်ထဲမှာ ငါးဖမ်းနေကြရတာ ငါးလ ရှိသွားပြီ ဖြစ်ကြောင်း၊ ရမည့်ငွေကို ပြပေမဲ့ ရောင်းစားတဲ့သူက ယူသွားပြီ ဆိုပြီး ပြန်သိမ်းသွားခဲ့ကြောင်း၊ ဒါ့ကြောင့် အခုလို အိုင်အယ်လ်အိုမှာ သွားရောက် တိုင်ကြားရတာ ဖြစ်တယ်လို့ ဦးထွန်းရီရဲ့ ဇနီး ဒေါ်ခင်ဝင်းက ပြောပါတယ်။

အလုပ်ရှာပေးတဲ့ အိမ်နီးချင်း ပွဲစားဟာ လောလောဆယ် ထိုင်းနိုင်ငံမှာ ရှိနေဆဲဖြစ်ပြီး၊ ဦးထွန်းရီနဲ့ ကိုစွမ်းဆောင်တို့ကို တံငါလုပ်ငန်းကနေ ပြန်ရွေးမယ်ဆိုရင် တဦးအတွက် ငွေ ၁၁ သိန်းစီ ပေးဖို့ ဆက်သွယ် တောင်းဆိုထားတယ်လို့ ဒေါ်ခင်ဝင်းက ပြောပါတယ်။

တောင်ကုတ်မြို့နယ်မှာ အခုနှစ် အတွင်း ထိုင်းနိုင်ငံက တံငါလုပ်ငန်းတွေ အတွက် လူပွဲစားက တဆင့် ရောင်းစားခံရသူ ၁၀၀ လောက် ရှိသွားပြီလို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org