မြစ်ကြီးနားမှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့

ဒီကနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ (International Human Rights Day) ဟောပြောပွဲ အခမ်းအနားကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် မနောကွင်းဥယျာဉ် မဂျွယ်ခန်းမမှာ ဒီဇင်ဘာလ ၁ဝ ရက်နေ ဒီကနေ့ ကျင်းပခဲ့ပါတယ်။

မြစ်ကြီးနားမြို့တွင်ကျင်းပမဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲ ဆိုင်းဘုတ်ကို တွေ့ရစဉ် Photo: RFA

လူ့အခွင့်အရေးဆိုပြီး ပြောနေပေမဲ့ ဒီလူ့အခွင့်အရေးကို ခံစားရကောင်းမှန်းမသိတာ မိမိတို့ကချင်ပြည်နယ်မှာ အများကြီးရှိပါတယ်လို့ ဒီကနေ့ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားကို တက်ရောက်လာတဲ့က ချင်ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်ဘောက်ဂျာ က ပြောပါတယ်။

လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ပညာပေးရေးဟာ တကယ်လက်တွေ့မှာ အခက်အခဲတွေအများကြီး ရင်ဆိုင်ရတယ်လို့ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ သင်တန်းတွေပို့ချနေသူ ဦးဇော်ဆမ်က ဟောပြောပွဲအပြီးမှာ RFAကို အခုလို ပြောပါတယ်။

"လူ့အခွင့်အရေး ပညာပေးသင်တန်း လုပ်မယ်ဆိုရင်တောင် လူထုကမလာဘူး၊ လာရင်အဲဒီလူတွေကို မှတ်သားပြီး အဖမ်းခံရမယ် ဘာညာဆိုပြီး အဲလိုရှိတယ်၊ အဓိကကတော့ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ထဲမှာ ခံရတဲ့လူလဲမသိဘူး၊ လုပ်တဲ့လူလည်း ငါတို့လူ့အခွင့်အရေး ချိုးဖောက်နေတာပါလားဆိုတာ မသိဘူး၊ မျက်မြင်သက်သေတွေကလည်း မသိဘူး၊  ဒါမျိုးက လူ့အခွင့်အရေး ချိုးဖောက်နေပါတယ်ဆိုတဲ့ ဟာမျိုးမသိတော့ ကျနော်တို့ကသိအောင် လုပ်တဲ့လူလည်းသိအောင်၊ ခံရတဲ့လူလည်းသိအောင် ကျနော်တို့ကလုပ်တာပါ"


ဒီကနေ့အခမ်းအနားမှာ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမရ ပေးပို့တဲ့သဝဏ်လွှာကို အဲဒီကော်မရှင်ရဲ့အဖွဲ့ဝင် ဦးလဖိုင်ဇော်ဂွန်း က ဖတ်ကြားခဲ့ပြီး မြစ်ကြီးနား NLD ပါတီရဲ့လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ အစီအစဉ်တွေအပါအဝင် စုစုပေါင်းလူအင်အား ၇ဝဝ လောက်တက်ရောက်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org