ထိန်ပင်အမှိုက်ပုံ အင်အား ၄၀၀ ကျော်နဲ့ ငြှိမ်းသတ်

၅ ရက်ကြာမြင့်နေပြီဖြစ်တဲ့ လှိုင်သာယာမြို့နယ် ထိန်ပင်အမှိုက်ပုံ မီးလောင်မှုကို မီးသတ်အင်အား ၃၀၀ နဲ့ ဒီနေ့ တပ်မတော်သား ၁၀၀ ကျော် တို့ ငြှိမ်းသတ်နေကြတယ်လို့ မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ထိန်ပင်အမှိုက်ပုံကို မီးငြှိမ်းသတ်နေတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေကို ၂၀၁၈ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့က တွေ့ရစဉ် Photo: Htet Arkar/ RFA

၅ ရက်ကြာမြင့်နေပြီဖြစ်တဲ့ လှိုင်သာယာမြို့နယ် ထိန်ပင်အမှိုက်ပုံ မီးလောင်မှုကို မီးသတ်အင်အား ၃၀၀ နဲ့ ဒီနေ့ တပ်မတော်သား ၁၀၀ ကျော် တို့ ငြှိမ်းသတ်နေကြတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထား ပါတယ်။

အပေါ်ယံတင်မကဘဲ အတွင်းပိုင်းမှာပါ လှိုက်လောင်နေတာဖြစ်ပြီး ထွက်လာတဲ့မီးခိုးတွေကြောင့် မီးသတ်တပ်ဖွဲ့ဝင် တချို့လည်း အောက်ဆီဂျင်ရှုပြီး အနားယူရတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဒုတိယ ညွန်ကြားရေးမှူး ဦးဝင်းနိုင် က ပြောပါတယ်။

"အမှိုက်ပုံမီးကတော့ ကျနော်တို့ အချိန်ယူပြီး ငြိမ်းရတာပေါ့နော်။ သူက အောက်ကို လှိုက်ပြီးလောင်နေတာ ဆိုတော့လေ။ အဆောက်အဦးမီးလောင်တာနဲ့လည်း မတူဘူးပေါ့နော်။ အချိန်ယူပြီးငြှိမ်းရပါတယ်ခင်ဗျ။ ကျနော်တို့ တပ်ဖွဲ့ဝင်တွေ နေ့ရောညရောပေါ့နော် ငြှိမ်းနေရတာ ၃ ရက်ရှိပါပြီ။ ငြှိမ်းနေရတာပေါ့နော်။ ကျနော်တို့ သက်ဆိုင်ရာ၊ Ambulance တွေဘာတွေ ဆေးဝါးတွေလည်း ပါပါတယ်။ အဲဒါတွေနဲ့ ကျနော်တို့ ကူနေပါတယ်"

မီးလောင်ပြင်ဧရိယာကျယ်ပြီး အတွင်းဘက်တွေ လှိုက်လောင်နေတာလို့ ဆိုပါတယ်။

အဲဒီအမှိုက်ပုံဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်နေ့ကတည်းက မီးလောင်နေတာဖြစ်ပြီး အမြန်ဆုံးမီးငြှိမ်းသတ်နိုင်ရေး အတွက် ဆောင်ရွက်မယ့် အစီအမံတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ မနေ့ညပိုင်းက တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ အင်တာနက်လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။ ဒီနေ့ ညနေပိုင်းမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း သွားရောက်ခဲ့ပါတယ်။

မီးလောင်မှုကြောင့် ထွက်လာတဲ့ မီးခိုးငွေ့တွေကြောင့် လှိုင်သာယာမြို့နယ်က ရပ်ကွက်တွေအပြင် မြောက်ဥက္ကလာ၊ အင်းစိန်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ လှိုင်၊ တောင်ဥက္ကလာ၊ စမ်းချောင်း စတဲ့ မြို့နယ်တွေအထိ ညှော်နံ့တွေပျံ့နှံ့နေ ပါတယ်။ မီးခိုးငွေ့ကို ရှုရှိုက်မိပြီး အသက်ရှုကျပ်လို့ အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူရသူ ဒီနေ့အထိ ၁၄ ဦး ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

အဲဒီမီးခိုးတွေကြောင့် လေထုညစ်ညမ်းမှုအခြေအနေ ဆိုးနေတယ်လို့ စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်းရဲ့ တိုင်းတာချက်တွေအရ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org