ဖားကန့်ဆေးရုံမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်သုံးဦး သေနတ်နဲ့ ပစ်သတ်ခံရ

ဖားကန့်ဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ စရဖ အရာရှိတစ်ဦးနဲ့ သူ့ကို လုံခြုံရေးယူပေးနေတဲ့ ရဲတပ်သားနှစ်ဦး စက်တင်ဘာ ၂၅ ရက်နေ့က သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖားကန့်မြို့နယ် ပြည်သူ့ဆေးရုံတွင် လုံခြုံရေးယူထားသည့် ရဲတပ်ဖွဲ့ဝင်တချို့အား ၂၀၂၁ ခုနှစ် မတ်လအတွင်းက တွေ့ရစဉ်။ Citizen Journalist

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) အရာရှိတစ်ဦးနဲ့ သူ့ကို လုံခြုံရေးယူပေးနေတဲ့ ရဲတပ်သားနှစ်ဦး စက်တင်ဘာလ ၂၅ ရက် မနေ့က သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) က မနေ့က နေ့လယ် ၂ နာရီဝန်းကျင်မှာ ဆေးရုံထဲ ဝင်ပြီး ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ပစ်ခတ်မှုအတွင်း စရဖအရာရှိ ဗိုလ်မှူး စိုးနိုင်ဝင်းနဲ့ ရဲတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့တယ်လို့ ဒီဖြစ်စဉ်ကိုသိတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ညနေ ၂ နာရီကျော်လောက်မှာ သွားပစ်ခဲ့တာပေါ့။ သေနတ် ရှစ်ချက်လောက် ပစ်ခဲ့တယ်။  စရဖ အရာရှိတစ်ယောက်နဲ့ ရဲတပ်သား နှစ်ယောက်သေတယ်။ စရဖ အရာရှိက ဆေးကုနေတာ သုံးရက်လောက် ရှိပြီ”

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်တာမရှိသေးသလို ကချင်ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရသူ ဦးဝင်းရဲထွန်းကို ဒီကနေ့ RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

စစ်ကောင်စီကိုထောက်ခံရေးသားနေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ဖားကန့်ဆေးရုံမှာ အနီးကပ်ပစ်သတ်ခံရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ဟာ စက်တင်ဘာလ ၂၁ ရက် ဆိပ်မူရွာက ဆေးခန်းကို သွားပြချိန် PDF တွေက ချောင်းမြောင်းပစ်ခတ်တာကြောင့် ဒဏ်ရာရရှိခဲ့တဲ့ သူဖြစ်ပြီး ဖားကန့်ဆေးရုံမှာ ဆေးကုသမှုခံယူနေတာလို့ ဖော်ပြထားပါတယ်။

ဖားကန့်မြို့ ဆိုင်းတောင်ရပ်ကွက်က စစ်ကောင်စီ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံးနဲ့ ရဲစခန်းကိုလည်း စက်တင်ဘာလ ၂၅ ရက် မနက် ၄ နာရီဝန်းကျင်မှာ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပါ သေးတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်နဲ့ KIA အကြား ကချင်ပြည်နယ် ဖားကန့် မြို့နယ်အတွင်း ပစ်ခတ်တိုက်ခိုက်မှုတွေ မကြာခဏ ဖြစ်ပေါ်နေပါတယ်။ 

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org