ဖားကန့် ကျောက်စိမ်းတွင်း နွံကန်ပေါက်ကျမှု သေဆုံးသူ ၂၁ ဦးအထိ ရှိလာ

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု စပေါ့ရွာက ကျောက်စိမ်းတွင်းဟောင်း နွံပေါက်ကျမှုမှာ ဇန်နဝါရီ ၁၄ ရက် ညနေပိုင်းအထိ ရုပ်အလောင်း ၂၁ လောင်းကို တွေ့ရှိထားပြီလို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေး လုပ်နေသူတွေက ပြောပါတယ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့ ဆိပ်မူကျေးရွာအုပ်စု စပေါ့ရွာတွင် နွံကန်ပေါက်ကျခဲ့သည့်အတွက် ကယ်ဆယ်ရေးသမားများ ရှာဖွေရေး ဆောင်ရွက်နေကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့က တွေ့ရစဥ်။ Citizen Photo

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု စပေါ့ရွာက ကျောက်စိမ်းတွင်းဟောင်း နွံပေါက်ကျမှုမှာ ဇန်နဝါရီ ၁၄ ရက် ညနေပိုင်းအထိ ရုပ်အလောင်း ၂၁ လောင်းကို တွေ့ရှိထားပြီလို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေး လုပ်နေသူတွေက ပြောပါတယ်။

လက်ရှိမှာ ရုပ်အလောင်း ၁၉ လောင်းကို ဆယ်ယူထားနိုင်ပြီး နောက်ထပ် ကျန်နေတဲ့ ရုပ်အလောင်းနှစ်လောင်းကို နွံတွေကြားကနေ ဆယ်ယူ သယ်ထုတ်နိုင်ဖို့ ကြိုးစားနေတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“မနေ့က ၁၄ လောင်း တွေ့ရှိထားပါတယ်။ ဒီနေ့ နေ့လယ် နှစ်နာရီလောက်အထိ ငါးလောင်း ထပ်တွေ့ထားပါတယ်။ နောက်ထပ် နှစ်လောင်းက တွေ့ရှိထားပြီ ဖော်နေဆဲဖြစ်ပါတယ်။ ဆိုတော့ နှစ်ရက်ပေါင်းကို အားလုံး စုစုပေါင်း ၂၁ ဦး ဖြစ်ပါတယ်”

ကယ်ဆယ်ရေးသမားတွေထံ ပျောက်ဆုံးနေကြောင်း စာရင်းပေးထားသူ ၁၅ ဦးခန့် ကျန်ရှိနေသေးပြီး စားရင်းမပေးဘဲ ပျောက်ဆုံးနေသူတွေလည်း ရှိနေနိုင်တယ်လို့ သူက ပြောပါတယ်။

နွံကန်ပေါက်ကျမှုကြောင့် စပေါ့ရွာက နေအိမ် ငါးဆယ်ခန့်လည်း နွံထဲ နစ်မြုပ်နေတယ်လို့ ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ဖားကန့်ဒေသမှာ တရားမဝင် ကျောက်စိမ်းတူးဖော်မှုတွေ များလာပြီး မြေစာပုံနဲ့ နွံကန်ပြိုကျမှု ဖြစ်ရပ်တွေကြောင့် မကြာခဏ လူသေဆုံးမှုတွေ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

RFA ကပြုစုထားတဲ့ စာရင်းတွေအရ ၂၀၁၈ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အတွင်း ဖားကန့်မြို့နယ်မှာ မြေပြိုမှု ဆယ်ကြိမ်ထက်မနည်း ရှိခဲ့ပြီး သေဆုံးတဲ့သူ စုစုပေါင်း ခြောက်ရာဝန်းကျင် ရှိခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org