ဘားအံ ချောင်းနဲ့ကန်တချို့ ရေမည်းနေလို့ သောက်သုံးဖို့ ခက်ခဲနေ
ကရင်ပြည်နယ် ဘားအံမြို့ ဘားကပ်၊ ရသေ့ပျံ၊ ကော့ရင်း၊ ပန်းကုန်း စတဲ့ကျေးရွာအုပ်စုတွေထဲက ကျေးရွာအတော်တော်များများက ဒေသခံတွေ သောက်သုံးနေတဲ့ ချောင်းနဲ့ ရေကန်ထဲက ရေတွေရဲ့အရောင်ဟာ ဒီရက်ပိုင်းအတွင်း မည်းနက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
-
2019-10-12 -
-
-
Your browser doesn’t support HTML5 audio
ကရင်ပြည်နယ် ဘားအံမြို့ ဘားကပ်၊ ရသေ့ပျံ၊ ကော့ရင်း၊ ပန်းကုံး၊ ငနက်ပြာ စတဲ့ ကျေးရွာအုပ်စုတွေထဲက ကျေးရွာတော်တော်များများ သောက်သုံးနေတဲ့ ချောင်းနဲ့ ရေကန်ထဲက ရေဟာ မည်းနက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ တစ်ပတ်လောက်ကစပြီး ရေအရောင်ဟာ မည်းနက်လာတာကြောင့် ဒေသခံတွေ မသောက်သုံးရဲကြတဲ့အတွက် သောက်သုံးရေ အခက်ခဲဖြစ်နေပါတယ်။
အဲဒီကျေးရွာတွေနားမှာ ကျောက်မီးသွေးသုံး မြိုင်ကလေး ဘိလပ်မြေစက်ရုံရဲ့ စွန့်ပစ်ရေဟာ ဒေသခံတွေ အသုံးပြုနေတဲ့ မြစ်၊ ချောင်း၊ အင်း၊ အိုင်နဲ့ ကန်တွေကို ဝင်ရောက်လာတာဖြစ်တယ်လို့လည်း သိရပါတယ်။
အဲဒီနေရာကို မနေ့က ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့တွေ၊ ကျန်းမာရေးဦးစီးဌာန၊ အစားသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးခဲ့တဲ့အကြောင်း၊ FDA စစ်ဆေးချက်အရ သောက်သုံးနိုင်တဲ့ အခြေအနေမှာရှိကြောင်း ပြည်နယ်အစိုးရအဖွဲ့ လူမှုကွန်ရက်စာမျက်နှာ သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။
အဲဒီစစ်ဆေးတဲ့နေရာမှာ ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က အဲဒီရေတွေကိုသောက်ပြခဲ့တယ်လို့ လှာကာကျေးရွာဒေသခံ ဒေါ်စိုးစိုးဌေးက RFA ကို ပြောပါတယ်။
ကျမတို့ရေတွေကို ပုံမှန်ပဲ ကျမတို့ လိုချင်တာပေါ့။ ဒီကျောက်မီးသွေးရေတွေ ဘယ်လိုချင်ပါ့မလဲ
"စစ်ဆေးပြီးတော့ ဝန်ကြီးချူပ်တောင် သောက်တယ်ပေါ့နော်။ အန္တရာယ်မရှိဘူးဆိုရင် ကျမသောက်မယ်တဲ့။ ကျမတို့ရေတွေကို ပုံမှန်ပဲ ကျမတို့ လိုချင်တာပေါ့။ ဒီကျောက်မီးသွေးရေတွေ ဘယ်လိုချင်ပါ့မလဲ။ ကျမတို့မှာ ပြောလို့မရလို့သာ ဒုက္ခရောက်နေကြတာ။ ရွာသားတွေက ယားတယ်လို့ပြောတယ်။ ဝန်ကြီးချူပ်ကတော့ ပြောတယ်။ လပြည့်ကျော်ရင် ရေလာချိုးကြည့်မယ်ပေါ့နော်"
ပြီးခဲ့တဲ့ မိုးတွင်းကာလက ကရင်ပြည်နယ်မှာလည်း ရေကြီးခဲ့ပါတယ်။ အဲဒီကာလမှတော့ ရေများနေတဲ့အတွက် သိပ်မသိသာပေမယ့် အခုလို ရေနည်းတဲ့အချိန်မှာ သိသာလာတာလို့ ဒေသခံတွေက ပြောပါတယ်။ နွေရာသီရေရှားပါးလာတဲ့အချိန်မှာ ဒီထက်ပိုပြီး ရေခက်ခဲမှာကို ဒေသခံတွေက စိတ်ပူနေတာဖြစ်ပါတယ်။
မြိုင်ကလေး ဘိလပ်မြေစက်ရုံကို ကျောက်မီးသွေး တရားဝင် အသုံးပြုခွင့်ပေးထားတာ မဟုတ်သေးဘဲ စမ်းသပ်လည်ပတ်တဲ့ အဆင့်သာရှိသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုဒီကိစ္စဟာ စက်ရုံဘက်မှာ တာဝန်ရှိတယ်လို့ ကရင်ပြည်နယ်မြစ်ချောင်းများ စောင့်ကြည့်ရေးကွန်ရက်က ကိုစောသာပိုးက ပြောပါတယ်။
"အခုလောလောဆယ်မှာ ဘယ်သူတာဝန်ယူမလဲဆိုတာ မရှင်းလင်းဘူး။ အစိုးရမှာပဲ တာဝန်ရှိသလိုလို။ တကယ်တော့ ကျနော်မြင်တာက စက်ရုံမှာ တာဝန်ရှိတယ်။ ဖြေရှင်းရမယ်။ ပြီးရင်ဒါက အရေးပေါ်အခြေအနေလေ။ ရေနည်းသွားတဲ့အခါ ကျနော်မြင်တာက ဒီရေတွေက သောက်သုံးရန်မသင့်။ နောက်ပြီး ဒီဟာက အစားအစာဖူလုံမှု အစားစာ လုံခြုံရေးနဲ့လည်း ဆိုင်တယ်။ ဘာလို့လဲဆိုတော့ အဲဒီနေရာမှာ ငါးတွေ ပုဇွန်တွေ ဥ ဥတာရှိတာကိုး"
အဲဒီကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံဟာ တပ်မတော်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) က အကောင်ထည်ဖော်တာဖြစ်တာကြောင့် ပြည်နယ်အစိုးရအနေနဲ့ စီမံခွင့်မရှိထားဘူးလို့ ပြည်နယ် လျှပ်စစ်နဲ့စက်မှုဝန်ကြီး ဦးစိုးလှိုင်က ပြောပါတယ်။
စက်ရုံက MEC ကဟာပါ။ MEC စက်ရုံက ကိစ္စပါ။ ကျနော်တို့က စက်မှုဆိုပေမယ့် အဲဒါမပါဘူးဖြစ်နေတယ်။
"စက်ရုံက MEC ကဟာပါ။ MEC စက်ရုံက ကိစ္စပါ။ ကျနော်တို့က စက်မှုဆိုပေမယ့် အဲဒါမပါဘူးဖြစ်နေတယ်။ ကျနော်တို့ တာဝန်ယူထားတဲ့အထဲမှာ ။ ကျနော်တို့က ညှိနှိုင်းဆောင်ရွက်ပေးတာပဲ ရှိပါတယ်။ လူထုတွေနဲ့ ဘာလုပ်ပေးနိုင်မလဲ၊ ဘာလဲ ညှိနှိုင်းဆောင်ရွက်ပေးတာပဲ ရှိပါတယ်"
အခုလက်ရှိ အခြေအနေမှာလည်း ဘိလပ်မြေစက်ရုံကထွက်တဲ့ ဖုန်တွေ၊ အခိုးအငွေ့တွေကြောင့် ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေမှာ ယားယံတာ၊ အသက်ရှုကြပ်တာတွေ ခံစားနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီကျောက်မီးသွေးတွေကနေ အငွေ့တွေထွက်တာ၊ မီးလောင်တာတွေကြောင့် ရေဖြန်းနေကြရတယ်လို့လည်း သိရပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး မြိုင်ကလေးနဲ့ လှာကာ ဘိလပ်မြေစက်ရုံကို RFA က ဆက်သွယ်ဖို့ ကြိုးစားပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။
မြိုင်ကလေး ဘိလပ်မြေစက်ရုံဟာ မြိုင်ကလေးကျေးရွာနဲ့ လှာကာကျေးရွာတွေမှာ ရှိပြီး တစ်ရက်ကို ဘိလပ်မြေ တန် ၄ ထောင်နဲ့ တန် ၉ ရာ ထုတ် စက်ရုံ ၂ ခုရှိတာဖြစ်ပါတယ်။ ၁၉၈၀ လောက်က စတည်ဆောက်ခဲ့တာဖြစ်ပြီး အရင်တုန်းက သဘာဝဓာတ်ငွေ့ကိုသုံးပြုလည်ပတ်တာဖြစ်ပေမယ့် ပြီးခဲ့တဲ့နှစ်ကစပြီး ကျောက်မီးသွေးလောင်စာကို အသုံးပြုတာဖြစ်ပါတယ်။
ကျောက်မီးသွေးကိုသုံးမယ့်သတင်းကြားပြီးကာလ ၂၀၁၆ ခုနှစ်ကတည်းက ဒေသခံတွေကလည်း ကန့်ကွက်ဆန္ဒပြခဲ့တာတွေ ရှိခဲ့ပါတယ်။
အခုအချိန်မှာတော့ သောက်သုံးရေ အခက်ခဲဖြစ်နေတဲ့ ကျေးရွာတွေကို ရေသန့်ဗူးတွေအပြင် သောက်ရေ၊ သုံးရေအတွက် ရေဂါလံ သုံးထောင်ကို ပြည်နယ်အစိုးရက ဖြန့်ဝေပေးခဲ့တယ်လို့ သိရပါတယ်။ ဒီလိုရေတွေ အမဲရောင်ကို ပြောင်းနေတဲ့အပေါ်မှာ ဓာတ်ခွဲစမ်းသပ်တာတွေ၊ စုံစမ်းစစ်ဆေးတာတွေ ဆောင်ရွက်နေပြီး ထွက်ရှိလာတဲ့အဖြေတွေကိုလည်း အများပြည်သူ သိရှိအောင် ထုတ်ပြန်မယ်၊ ဒီလိုတွေနောက်ထပ်မဖြစ်အောင် ဆောင်ရွက်ရမယ့် အစီမံတွေကိုလည်း ရေးဆွဲသွားမယ်လို့လည်း တိုင်းအစိုးရက မနေ့က ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်ရှင်။
(RFA သတင်းထောက် မဇာဏီထွဏ်း ပေးပို့သည်)