ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသက ရေဘေးဒုက္ခသည်တွေ အကူအညီ မရသေး
ဟိုပုံးမြို့နယ်ထဲမှာရှိတဲ့ မဲနယ်တောင်ဒေသက ရွာတွေမှာ ရေဘေးဒုက္ခရောက်ခဲ့တာ တစ်လကျော်ကြာပြီဖြစ်ပေမဲ့ အခုချိန်အထိ အကူအညီတွေ မရသေးဘူးလို့ ဟိုပုံးဒေသခံ ပရဟိတအဖွဲ့တွေက ပြောပါတယ်။
-
RFA Burmese
2024-10-16 -
-
-
ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ်ထဲမှာရှိတဲ့ မဲနယ်တောင်ဒေသက ရွာတွေမှာ ရေဘေးဒုက္ခရောက်ခဲ့တာ တစ်လကျော်ကြာပြီဖြစ်ပေမဲ့ အခုချိန်အထိ အကူအညီတွေ မရသေးဘူးလို့ ဟိုပုံးဒေသခံ ပရဟိတအဖွဲ့တွေက အောက်တိုဘာ ၁၆ ရက် ဒီနေ့မှာ ပြောပါတယ်။
မဲနယ်တောင်ဒေသထဲက စံဖူးကျေးရွာအုပ်စု ကျောက္ကချားရွာ၊ စံဖူးရွာ၊ ဗန်းစောက်ရွာနဲ့ စငေါကျေးရွာအုပ်စုက ရွာတချို့မှာ စက်တင်ဘာ ၁၀ ရက်နေ့ကစပြီး မိုးကြီးရေလျှံဖြစ်ကာ တောင်ကျရေတွေ ကျလာတာကြောင့် တောင်တွေ၊ လမ်းတွေ၊ အိမ်တွေနဲ့ စိုက်ပျိုးရေးခြံတွေအားလုံး ပျက်စီးဆုံးရှုံးခဲ့ရတာပါ။
အခုလို တစ်လကျော် ကြာလာတဲ့အချိန်အထိ အကူအညီတွေ မရနိုင်သေးတာက လမ်းပန်းဆက်သွယ်ရေးတွေ ပျက်စီးသွားတာကြောင့်လို့ ဟိုပုံးဒေသခံ ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“ဟိုပုံးမြို့နယ်က ရေဘေးဒုက္ခသည်တွေကို လာကူကြတဲ့ အလှူရှင်တွေ ရှိပါတယ်။ ဒါပေမဲ့ အဲဒီ မယ်နယ်တောင်ဘက်က ရွာတွေကိုတော့ လမ်းမပေါက်တော့ သွားပြီး မကူညီနိုင်ကြသေးတာပါ။ တောင်ကပြို၊ လမ်းတွေက ပျက်နေတော့ အခုအချိန်ထိ သွားမရ၊ ကူမရဖြစ်နေတာပါ။ အခုအချိန်အထိ ဟိုပုံးကနေ နမ့်ဟူးအထိပဲ သွားလို့ရသေးတယ်။ နမ့်ဟူးကနေ စံဖူးအထိ မရသေးဘူး။ ဟိုပုံးကနေ နေစံဖူးကို သွားချင်တယ်ဆိုရင် ဟိုပုံးမြို့ရဲ့တောင်ဘက် ခြောက်မိုင်လမ်း ဟိုပုံး-ကောင်တဖျူး၊ ကျူမုတ်-ဟွေးတက်-စံဖူး အဲဒီလို သွားမှရမှာဗျ”
ဟိုးပုံးမြို့နယ်မှာ ရေကြီးရေလျှံမှုတွေကြောင့် မဲနယ်တောင်ဒေသမှာ သေဆုံးသူ ၂၄ ဦး၊ ဟိုပုံးမြို့မှာ သေဆုံးသူ နှစ်ဦး စုစုပေါင်း ၂၆ ဦးရှိခဲ့တယ်လို့ ဟိုပုံးအခြေစိုက် ပရဟိတအဖွဲ့တွေက ပြောပါတယ်။
မဲနယ်တောင်ဒေသဟာ ရေဘေးမကြုံရခင်ကတည်းက စစ်ဘေးတိမ်းရှောင်နေရတာလည်း ရှိတာကြောင့် စစ်ဘေးရော ရေဘေးပါ ကြုံနေရတယ်လို့ စံဖူးရွာမှာနေထိုင်တဲ့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
ရာဂီမုန်တိုင်းကြောင့် နိုင်ငံတစ်ဝန်း လူပေါင်းတစ်သန်းနီးပါး ရေဘေးသင့်ခဲ့သလို သေဆုံးပျောက်ဆုံးသူ ၅၂၀ ရှိပြီး စပါးနဲ့သီးနှံစိုက်ဧက ခုနစ်သိန်းကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း စစ်ကောင်စီက အောက်တိုဘာ ၁၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ရေဘေးသင့်သူတွေဟာ စိုက်ပျိုးရေး ပစ္စည်းတွေ၊ အမိုးအကာ၊ စားနပ်ရိက္ခာနဲ့ ကျန်းမာရေး ဝန်ဆောင်မှု အကူအညီတွေ အချိန်မီမရခဲ့ရင် ပြန်လည်ထူထောင်ရေး နှေးကွေးမှာဖြစ်ပြီး အဲဒီဒေသတွေမှာ ရေရှည်အခက်အခဲတွေကို ဆက်ရင်ဆိုင်ရမယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ပြောဆိုထားပါတယ်။