ဟိုပင်-မြစ်ကြီးနားအကြား တံတား နှစ်စင်း မိုင်းခွဲခံရ

ကချင်ပြည်နယ် ဟိုပင်မြို့အနီး မြစ်ကြီးနားဘက်အထွက် ကြာကြီးကွင်း ကျေးရွာမရောက်ခင် တဝတ်ချောင်းကို ဖြတ်ကူးထားတဲ့ ရထားသံလမ်းတံတားနဲ့ မြစ်ကြီးနား - မန္တလေးကားလမ်းမပေါ်က ရေကျော်တံတားဟာ ဧပြီလ ၂၇  ရက်နေ့ ည ၁၁ နာရီခွဲခန့်က မိုင်းခွဲခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကချင်ပြည်နယ် ဟိုပင်မြို့အနီး တဝတ်ချောင်းကို ဖြတ်ကူးသည့်တံတား မိုင်းခွဲခံထားရသည်ကို ၂၀၂၁ ဧပြီလ ၂၇ ရက်နေ့က တွေ့ရစဉ်။ Photo: CJ
ကချင်ပြည်နယ် ဟိုပင်မြို့အနီး မြစ်ကြီးနားဘက်အထွက် ကြာကြီးကွင်းကျေးရွာ မရောက်ခင် တဝတ်ချောင်း ကို ဖြတ်ကူးထားတဲ့ ရထားသံလမ်းတံတားနဲ့ မြစ်ကြီးနား - မန္တလေးကားလမ်းမပေါ်က ရေကျော်တံတားဟာ ဧပြီလ ၂၇  ရက်နေ့ ည ၁၁ နာရီခွဲခန့်က မိုင်းခွဲခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
မိုင်းကွဲသံ ထွက်ပေါ်လာပြီးနောက် ပစ်ခတ်သံတွေကလည်း မနက် ၃ နာရီလောက်အထိ ရှိနေဆဲ ဖြစ်တယ် လို့လည်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဟိုပင်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
 
“ညက အသံအကျယ်ကြီး ရှေ့ဆင့်နောက်ဆင့် ကြားလိုက်ရတာ။ ပြီးတော့ မနက် ၃ နာရီအထိ သေနတ် ပစ်သံတွေ မရပ်သေးဘူး။ မနက်ကျမှ တံတားနှစ်စင်း မိုင်းခွဲခံရတယ်ဆိုတာ သိရတာ။ မနေ့က အဲလမ်းမ ကနေ မြစ်ကြီးနားဘက်ကို စစ်ကားတွေနဲ့ တင့်ကားတွေ ဖြတ်သွားလို့ တံတားတွေကို KIA က ခွဲတာ ဖြစ်မယ်”
 
အခု မိုင်းခွဲခံလိုက်ရတဲ့ ရထားသံလမ်းကူးတံတားဟာ ဟိုပင်မြို့ အရှေ့မြောက်ဘက် အနားမှာရှိပြီး မြစ်ကြီးနား - မန္တလေးကို ဆက်သွယ်ထားတဲ့ ရထားသံလမ်း တစ်ခုလည်းဖြစ်ပါတယ်။
 
မိုင်းခွဲခံလိုက်ရတာကြောင့် ရထားသံလမ်းက ဇလီဖာတုံးတချို့ မီးလောင်ပြီး အောက်ခံ တံတားဖောင်ဒေးရှင်း အုတ်ခံတွေ ပွင့်ထွက်သွားသလို ဘေးသံဘောင်တွေ ပြုတ်ထွက်သွားတာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
မြစ်ကြီးနား - မန္တလေး ကားလမ်းမပေါ်က ရေကျော်ကွန်ကရစ် တံတားကတော့ အနည်းငယ်သာ ပက်ကြား အက်ကွဲတာဖြစ်ပြီး အခုမနက်ပိုင်းမှာ ယာဉ်ငယ်တွေကို ဖြတ်သန်းခွင့်ပြုနေပြီလို့ ဒေသခံတွေက ပြောပါတယ် ။
 
အခုလို တံတား နှစ်စင်း မိုင်းခွဲခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဘယ်သူ့လက်ချက်ဆိုတာကို RFAက စုံစမ်းနေဆဲ ဖြစ်ပါတယ်။
 
ဟိုပင်မြို့ဒေသခံတွေကတော့ တပ်မတော်နဲ့ ကချင်တပ်မတော် KIA တို့အကြား လက်ရှိ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ မိုးမောက်စစ်ပွဲနဲ့ အလောဘွမ် စစ်ပွဲတွေအတွက် စစ်ကောင်စီဘက်က တပ်အင်အား၊ လက်နက်အင်အားနဲ့ စစ်သုံး တင့်ကားတွေပါ ဒီလမ်းတွေကနေ ဖြတ်သန်းသွားလာပြီး တိုးချဲ့နေတာဖြစ်တဲ့ အတွက် အခုလို မိုင်းခွဲတာဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။
 
ပြီးခဲ့တဲ့ ဧပြီလ (၁၇) ရက်နေ့ကလည်း မိုးညှင်းမြို့နယ်အတွင်းက ကာဒူဘူတာနဲ့ မော်ဟန်ဘူတာကြားရှိ အမှတ်(၅၅၅) တံတားတစ်စင်း မိုင်းခွဲခံရပါတယ်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org