ဟုမ္မလင်းမြို့က ဥပဒေကျောင်းသားအပါအဝင် ကိုးဦး ထောင် ၁၀ နှစ်ကျော် ချမှတ်ခံရ
ဟုမ္မလင်းမြို့နယ်က ဥပဒေနောက်ဆုံးနှစ်ကျောင်းသား ကိုကျော်ဝင်းစိန်အပါအဝင် နိုင်ငံရေးလှုပ်ရှားသူကိုးဦးကို ဟုမ္မလင်းမြို့နယ် တရားရုံးကနေ ဧပြီ ၇ ရက်နေ့က နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်ပါတယ်။
-
RFA Burmese
2023-04-10 -
-
-
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်က ဥပဒေနောက်ဆုံးနှစ်ကျောင်းသား ကိုကျော်ဝင်းစိန် အပါအဝင် နိုင်ငံရေးလှုပ်ရှားသူ ကိုးဦးကို ဟုမ္မလင်းမြို့နယ် တရားရုံးကနေ ဧပြီ ၇ ရက် နေ့က နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက RFA ကို မတ်လ ၁၀ ရက် ဒီနေ့ အတည်ပြုပြောဆိုပါတယ်။
ထောင်ချခံရသူတွေဟာ ဥပဒေနောက်ဆုံးနှစ်ကျောင်းသား ဟုမ္မလင်းမြို့နယ် သပိတ် ခေါင်းဆောင် ကိုကျော်ဝင်းစိန်နဲ့အတူ နိုင်ငံရေးလှုပ်ရှားသူတွေဖြစ်တဲ့ ကိုအောင်ကိုမင်း၊ ကိုနေနော်၊ ဒေါ်နွဲ့နွဲ့အောင်၊ ကိုအောင်ဟိန်း၊ ကိုအောင်မြင့်ဦး၊ ကိုဖြိုးသက်တင်၊ ကိုစိုင်းဝေယံ၊ ကိုသက်ထွန်းဦး တို့ ဖြစ်ပါတယ်။
သပိတ်ခေါင်းဆောင် ဥပဒေကျောင်းသား ကိုကျော်ဝင်းစိန်ကို နိုင်ငံရေး ပုဒ်မ-၅၀၅ (က) အတွက် ထောင် တစ်နှစ်နဲ့ ခြောက်လ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ပုဒ်မ-၅၀ (ည) ပုဒ်မခွဲ (က) အတွက် ထောင် ၁၀ နှစ်၊ စုစုပေါင်း ၁၁ နှစ်ခွဲ ချလိုက်တာလို့ လုံခြုံရေးအရ အမည် မဖော်လိုတဲ့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
"ကိုကျော်ဝင်းစိန်က ထောင်ဒဏ် ၁၁ နှစ်နဲ့ ခြောက်လ၊ ဒေါ်နွဲ့နွဲ့အောင်က ၁၀ နှစ်၊ ကိုအောင်ဟိန်း ၁၀ နှစ်၊ ကိုအောင်ကိုမင်း ၁၀ နှစ်၊ ကိုသက်ထွန်းဦး ၁၀ နှစ်၊ ကိုစိုင်း ဝေယံ ၁၃ နှစ်၊ ကိုနေနော် ငါးနှစ်၊ ကိုဖြိုးသက်တင် ငါးနှစ်၊ ကိုအောင်မြင့်ဦး သုံးနှစ် ချမှတ်ခံရတယ်။ သူတို့အားလုံး ကျန်းမာရေးကောင်းပါတယ်"
ကိုကျော်ဝင်းစိန် ဟာ စစ်ကောင်စီပညာရေးကို သပိတ်မှောက်ထားတဲ့ CDM တက္ကသိုလ် ကျောင်းသား ဖြစ်ပါတယ်။ သူတို့ ကိုးဦးအနက် ကိုကျော်ဝင်းစိန် တစ်ဦးတည်းသာ အသက် ၃၀ နီးပါးအရွယ်လို့ သိရပြီး ကျန် ရှစ်ဦးရဲ့ အသက်အရွယ်တွေကို အတိအကျ မသိရသေး ပါဘူး။
သူဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ဟုမ္မလင်းမြို့နယ်က စစ်အာဏာရှင်ဆန့်ကျင်ရေး မြို့ပြသပိတ်တွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့တာကြောင့် ၂၀၂၁ ခုနှစ် အစောပိုင်း ကတည်းက စစ်ကောင်စီရဲ့ ဖမ်းဝရမ်း ထုတ်ခံခဲ့ရပါတယ်။ ၂၀၂၂ ခုနှစ် ဩဂုတ်လထဲမှာ ရဲနဲ့ စစ်တပ်က သူနဲ့အတူ နိုင်ငံရေးလှုပ်ရှားသူ ကိုးဦးကို ရှေ့ဆင့်နောက်ဆင့် ဖမ်းဆီးခဲ့ပြီး ရှစ်လ အကြာမှာ အမိန့်ချလိုက်တာလို့ မိတ်ဆွေတွေက ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဧပြီ ၇ ရက် ထုတ်ပြန် ချက်အရ စစ်အာဏာသိမ်းထားတဲ့ နှစ်နှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်းက ပြည်သူ ၁၇,၃၉၇ ဦး အကျဉ်းထောင် အသီးသီးမှာ ဖမ်းဆီးခံထားရပါတယ်။