အမှိုက်ပုံ မီးလောင်မှုကြောင့် မြို့နယ်အများ ညှော်နံ့များပျံ့လွင့်
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ထိန်ပင်သုဿန်အနီးက ဧရိယာစတုရန်းဧက ၃ဝဝ ခန့်ရှိတဲ့ အမှိုက်ပုံဟာ ဧပြီ ၂၁ ရက်နေ့ကတည်းက မီးလောင်ကျွမ်းနေတာကြောင့် ဒီနေ့အထိ မြို့နယ်အတော်များများမှာ ညှော်နံ့တွေ မီးခိုးနံ့တွေ ပျံ့နှံ့နေပါတယ်။
-
2018-04-23 -
-
-
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ထိန်ပင်သုဿန်အနီးက ဧရိယာစတုရန်းဧက ၃ဝဝ ခန့်ရှိတဲ့ အမှိုက်ပုံ ဟာ ဧပြီ ၂၁ ရက်နေ့ကတည်းက မီးလောင်ကျွမ်းနေတာကြောင့် ဒီနေ့အထိ မြို့နယ်အတော်များများမှာ ညှော်နံ့တွေ မီးခိုးနံ့တွေ ပျံ့နှံ့နေပါတယ်။
မီးလောင်နေတာကို ထိန်းချုပ်နိုင်တဲ့အခြေအနေရှိသွားပြီဖြစ်ပေမယ့် မီးခိုးငွေ့တွေက ပတ်ဝန်းကျင်မှာ ပျံ့နှံ့နေ တာကြောင့် အသက်အန္တရာယ်ပါ ရှိလာနိုင်တယ်လို့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦမြတ်မင်းသူက ပြောပါတယ်။
"ညတွင်းချင်း အားချင်းလုပ်တဲ့အခါကျတော့ ဒီမနက်ကျတော့ တော်တော်များများ ထိန်းချုပ်နိုင်တယ်။ သို့သော်လည်းပဲ ဒီကနေ့အပါဝင် ဒီမှာ ၃ ရက်လောက် လောင်ထားတော့ လောင်ထားတဲ့အငွေ့တွေက ကောင်းကင်မှာ ပျံ့နှံ့နေတယ်။ ဒီလောင်ထားတဲ့ အငွေ့တွေက ချက်ချင်းကြီး ပျောက်သွားဖို့ဆိုတာကတော့ မလွယ်ဘူးပေါ့လေနော်။ ဒါပေမဲ့ ကျနော်တို့ မနေ့ကထက်စာလို့ရှိရင် လက်ရှိလောင်နေတဲ့ဟာတွေကိုတော့ တော်တော်လေးတော့ ထိန်းချုပ်နိုင်ခဲ့တယ်။ သို့သော်လည်းပဲ ဒီကအငွေ့တွေကတော့ အနီးပတ်ဝန်းကျင်မှာ ပျံ့နှံ့နေဆဲပဲ။ အသက်အန္တရာယ်လိုဟာမျိုးပေါ့ဗျာ။ ဒီအငွေ့တွေက ရေရှည်မှာ ဒါတွေက အန္တရာယ်ဖြစ်စေနိုင်တယ်"
အဲဒီအငွေ့အသက်တွေကြောင့် အမှိုက်ပုံ အနီးအနားကျေးရွာတွေဖြစ်တဲ့ ကုလားကြီးစု၊ ကျုံစုနဲ့ ၁၈ ရပ်ကွက်၊ ၂ဝ ရပ်ကွက်တွေက ဒေသခံအများစုဟာ လတ်တလောမှာ အသက်ရှုရခက်ခဲတဲ့ အခြေအနေဖြစ်ပေါ်နေတယ်လို့လည်း သိရပါတယ်။
အဲဒီအနီးအနားကျေးရွာတွေနဲ့ ရပ်ကွက်တွေအပြင် မြောက်ဥက္ကလာ၊ အင်းစိန်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ လှိုင်၊ တောင်ဥက္ကလာ စတဲ့ မြို့နယ်တွေပါ ညှော်နံ့တွေ၊ မီးခိုးနံ့တွေ ပျံ့နှံ့နေတာဖြစ်ပါတယ်။
အဲဒီမီးလောင်မှုဟာ ဘယ်ကနေ စဖြစ်တယ်ဆိုတာ မသိရသေးဘူးလို့လည်း ဦးမြတ်မင်းသူ က ဆိုပါတယ်။
အမှိုက်ပုံဟာ အလိုအလျောက် ဓာတ်ပြုပြီး လောင်ကျွမ်းတာဖြစ်တယ်လို့ ရန်ကုန်စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သန့်ရှင်းရေးဌာန လက်အောက်က ထိန်ပင်အမှိုက်ပုံ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က မီးငြှိမ်းသတ်ယာဉ် ၁၂ စီး၊ မီးသတ်ရေသယ်ယာဉ် ၁၂ စီး၊ စုစုပေါင်း မီးသတ်ယာဉ် ၂၄ စီးနဲ့ မီးငြှိမ်းသတ်နေပေမယ့် လက်ရှိအချိန်ထိ ဧရိယာစတုရန်းဧက ၁ဝဝ ခန့် မီးလောင်နေတာကြောင့် လေလမ်းကြောင်းအတိုင်း မီးခိုးငွေ့တွေ ပျံ့နှံ့နေကြောင်း ပြည်သူတွေ မစိုးရိမ်ကြဖို့ ဒီနေ့ သတင်းထုတ်ပြန်ထား ပါတယ်။