ပိတ်သိမ်းလိုက်တဲ့ တရုတ်အထည်ချုပ်စက်ရုံ အလုပ်သမားတွေ လုပ်သက်ခွင့်ကြေးနဲ့ နို့တစ်ကြေးမရ
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ရွှေသံလွင် စက်မှုဇုန်က တရုတ်နိုင်ငံသားပိုင် Full Way Myanmar အထည်ချုပ်စက်ရုံကို အပြီးပိတ်သိမ်းလိုက်ပေမယ့် လုပ်သက်ခွင့်ကြေးနဲ့ နို့တစ်ကြေးတွေ မပေးဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။
-
RFA Burmese
2024-03-05 -
-
-
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ရွှေသံလွင် စက်မှုဇုန်၊ မင်းဧရာလမ်း၊ အမှတ် (၈၃) က တရုတ်နိုင်ငံသားပိုင် Full Way Myanmar အထည်ချုပ်စက်ရုံကို ဖေဖော်ဝါရီလ ၂၉ ရက်နေ့မှာ အပြီးပိတ်သိမ်းလိုက်ပေမယ့် လုပ်သက်ခွင့်ကြေးနဲ့ နို့တစ်ကြေးတွေ မပေးဘူးလို့ အလုပ်သမားတွေက RFA ကို ဒီနေ့ ပြောပါတယ်။
စက်ရုံကို ဇန်နဝါရီလ ၁ ရက်နေ့ကစ ယာယီပိတ်ထားခဲ့တာဖြစ်ပြီး အဲဒီလတွေအတွက် တခြားခံစားခွင့်တွေမပါဘဲ အခြေခံလစာ တစ်ရက် ၄၈၀၀၊ ထောက်ပံ့ကြေးကျပ်တစ်ထောင်နဲ့ ခေါင်းဆောင်ကြေး နှစ်ဆယ်ရာခိုင်နှုန်းကိုသာ လစာအဖြစ်ပေးခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
ဖေဖော်ဝါရီလ ၂၉ ရက်နေ့ လစာပေးဖို့ ချိန်းဆိုတဲ့နေ့မှာမှ အလုပ်ကို အပြီးပိတ်သိမ်းလိုက်ကြောင်း အသိပေးခဲ့ပြီး နစ်နာကြေးပေးခဲ့ပေမယ့် လုပ်သက်ခွင့်ကြေးနဲ့ နို့တစ်ကြေး တစ်လစာ မပေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အလုပ်သမားတစ်ဦးက RFA ကို ပြောပါတယ်။
“အခုကျန်နေတာကတော့ အလုပ်နားခဲ့ရတဲ့ အချိန်ကာလကို ဒေးကြေး (တစ်နေ့လုပ်ခ) ၄၈၀၀ နဲ့တော့ရတယ်။ ဒါပေမဲ့လို့ တခြားခံစားခွင့်တွေကျတော့ နှစ်ဆယ်ရာခိုင်နှုန်းနဲ့ပဲ ခံစားခွင့်ပေးထားတယ်ပေါ့။ အဲဒီအပေါ်မှာလည်း မကျေနပ်လို့လေ။ အဲဒါကိုလည်း ဥပဒေနဲ့အညီအတိုင်း ပြန်ပြီးလိုချင်တယ်။ အလုပ်နစ်နာကြေးပေးချေတဲ့အခါမှာ နို့တစ်ကြေး မပါသေးဘူး။ ဒါလည်း ပေးစေချင်တယ်ပေါ့။ လုပ်သက်ခွင့်ကြေးလည်း မရဘူး။ အဲဒါလည်း တိုင်ထားတယ်။ ဒီမှာတော့ လုပ်သက်ခြောက်လလောက် နည်းနည်းပါတယ်။ ကျန်တာ နှစ်ကြီးသမားတွေ၊ လုပ်သက် ကိုးနှစ်ရှိတဲ့သူတွေလည်းရှိတယ်”
အထည်အော်ဒါတွေ ရှားပါးနေလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ စက်ရုံပိတ်သိမ်းလိုက်တာဖြစ်ပြီး အဲဒီလို ပိတ်သိမ်းကြောင်းကိုလည်း အလုပ်ရှင်ဘက်က ရှေ့နေတွေနဲ့ အသိပေးခဲ့တာလို့ ဆိုပါတယ်။
ပိတ်သိမ်းချိန်ကပေးခဲ့တဲ့ လစာနဲ့ နစ်နာကြေးတွေကိုတော့ နောက်ပိုင်းရမှာ မသေချာတာကြောင့် ယူခဲ့ကြတယ်လို့ အဲဒီစက်ရုံ အလုပ်သမားတွေက ပြောပါတယ်။
စက်ရုံမှာ ဝန်ထမ်းပေါင်း နှစ်ရာကျော်ရှိတဲ့အနက် လက်ရှိ အလုပ်သမား ၁၉၆ ဦးက လုပ်သက်ခွင့်ကြေးနဲ့ နို့တစ်ကြေးရဖို့ တောင်းဆိုနေတာလို့ ဆိုပါတယ်။
Full Way Myanmar အထည်ချုပ်စက်ရုံ ရုံးပိုင်းဆိုင်ရာ တာဝန်ရှိသူတစ်ဦးကတော့ စက်ရုံပိုင်ရှင်ကိုယ်တိုင် အလုပ်သမားတွေကို နစ်နာကြေးပေးဖို့ အဖွဲ့တစ်ဖွဲ့ သီးသန့်ငှားစေလွှတ်ခဲ့တာလို့ RFA ကို ပြောပါတယ်။
“သူတို့ (အလုပ်ရှင် ငှားထားသည့်အဖွဲ့) က လျော်ကြေးပေးမယ်လို့ တစ်ခွန်းမှမပြောဘဲနဲ့ လစာလာယူလို့ ကြေညာပြီး လှည့်ပတ်ပြီးတော့မှ လျော်ကြေးပေးခဲ့တယ်ဆိုတော့လေ ကလေးတွေက ဘယ်လိုပဲဖြစ်ဖြစ် ဘဝင်တော့ မကျဘူး။ ဒါပေမဲ့ ပိုက်ဆံတော့ ယူသွားကြတယ်။ သူတို့က အဲဒါကို အပိုင်ပေါ့နော်။ လက်မှတ်ထိုးသွားပြီးပြီ၊ ယူသွားပြီးပြီ ဖြေရှင်းစရာမလိုဘူးလို့ပဲ သူတို့ ထင်ပုံရတယ်။ ကိုယ်လည်း ဖုန်းဆက်ပြီးတော့ အကြောင်းကြားလိုက်တယ်။ ဒီမှာ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနက အရာရှိတွေက ဖုန်းဆက်မေးတော့လေ။ ဒီအတိုင်းပဲ ပြောပြလိုက်တယ်။ ကလေးတွေကတော့ လစာမရမှာစိတ်နဲ့ ယူသွားတယ်လို့ ထင်တယ်။ ဒါပေမဲ့ သူတို့က ချည်နှောင်ထားတာတော့ မကျေနပ်တဲ့သူတွေ မယူနဲ့ လစာကို။ ယူတဲ့သူကို သူဌေးကို ပြန်ပြောပြီးတော့ ဆက်ပြီးတော့ တင်ပြမယ်လို့တော့ ပြောတယ်”
အလုပ်သမားတွေကတော့ စက်ရုံယာယီပိတ်ထားခဲ့တဲ့ ဇန်နဝါရီလ ၁ ရက်နေ့နဲ့ ဖေဖော်ဝါရီလ ၅ ရက်နေ့တွေမှာ နှစ်ကြိမ်တိုင် မြို့နယ် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနကို စာပို့တိုင်ကြားခဲ့ပေမယ့် အကြောင်းမထူးဘူးလို့ ဆိုပါတယ်။
ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ နေပြည်တော် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဆီ ထပ်မံ စာပို့တိုင်ကြားခဲ့ပေမယ့်လည်း ဒီနေ့အထိလည်း အကြောင်းမထူးသေးဘူးလို့ ဆိုပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနကို RFA က တယ်လီဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) ရဲ့ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် အလုပ်ဖြုတ်ခံရတဲ့ အလုပ်သမားဦးရေ ၄၁ ရာခိုင်နှုန်းအထိ ရှိလာတယ်လို့ ဖော်ပြထားပါတယ်။