ဝက်လက်မြို့ လှတောရွာ မီးရှို့မယ်လို့ ခြိမ်းခြောက်ခံရတာကြောင့် ထွက်ပြေးနေရ
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ လှတောရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေက ပုံစံမျိုးစုံနဲ့ တိုက်ခိုက်နေလို့ ရွာကိုမီးရှို့မယ့်အကြောင်း စစ်ကောင်စီတပ်သားတွေက ခြိမ်းခြောက်ခဲ့တာကြောင့် ဒေသခံအားလုံးနီးပါး ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
- 2022-11-26
-
-
-
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ လှတောရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေက ပုံစံမျိုးစုံနဲ့ တိုက်ခိုက်နေလို့ ရွာကိုမီးရှို့မယ့်အကြောင်း စစ်ကောင်စီတပ်သားတွေက ခြိမ်းခြောက်ခဲ့တာကြောင့် ဒေသခံအားလုံးနီးပါး ထွက်ပြေး နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၇ ရက်နေ့နဲ့ ၂၄ ရက်နေ့က လှတောရွာမှာ စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတာကြောင့် အခုလို ရွာကိုမီးရှို့မယ်ဆိုပြီး ခြိမ်းခြောက်တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"မီးရှို့မယ်လို့ ခြိမ်းခြောက်နေတယ်။ လှတောဈေးထဲကို ဈေးဝယ်ထွက်တဲ့ ခုနစ်ယောက် ပေါ့။ အပြန်မှာ မိုင်းဆွဲ အတိုက်ခံရတယ်။ သုံးယောက် သေတယ်ပေါ့။ လွန်ခဲ့တဲ့ သုံးရက်လောက်ကလည်း လှတောရဲစခန်းနားမှာ မိုင်းနှစ်လုံး ထပ်ခွဲတယ်။ အဲဒီမှာလည်း အကျအဆုံးရှိတယ်။ အဲဒါကြောင့် ရွာကိုမီးရှို့မယ်ဆိုပြီးလုပ်တော့ အကုန် ထွက်ပြေး နေရတယ်။ ရွာထဲ လူသိပ်မရှိတော့ဘူး"
ဒါ့အပြင် လှတောဈေးကိုပါ မီးရှို့ပစ်မယ်လို့ ပြောဆိုခြိမ်းခြောက်ထားသလို စစ်ကောင်စီ တပ်သားတွေလည်း ဒီနေ့အချိန်အထိ လှတောရွာထဲမှာ တပ်ဆွဲထားဆဲဖြစ်တယ်လို့ ဒေသခံတွေဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၄ ရက်နေ့ကလည်း ဝက်လက်မြို့နယ်၊ မူးကြီးရွာမှာကို စစ်ကောင်စီ တပ်သားတွေ ဝင်ရောက်လာပြီး နေအိမ် နှစ်ရာနီးပါးကို မီးရှို့ခဲ့သလို အသက် ၈၀ အရွယ် ဒေါ်အေးယဉ်ဆိုတဲ့ သက်ကြီးအမျိုးသမီးတစ်ဦးလည်း မီးလောင်သေဆုံးသွားတယ်လို့ ဝက်လက်ဒေသခံတွေက ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ နိုဝင်ဘာလ ၂၆ ရက် ဒီနေ့မှာတော့ မူးကြီးရွာအနီးက တမာကုန်း ရွာထဲကို ဝင်ရောက် တပ်စွဲထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ရဲ့ နိုဝင်ဘာလ ၈ ရက်နေ့ ထုတ်ပြန်တဲ့စာရင်းအရ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်းမှာ နေအိမ် ၂၆,၉၇၀ လုံး မီးရှို့ဖျက်ဆီး ခံခဲ့ရပါတယ်။