ရန်ကုန် ဆောက်လုပ်ရေး လုပ်ငန်းတွေ ဒေါ်လာ ၅ ဘီလီယံ နစ်နာနေ
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အထပ်မြင့်အဆောက်အဦ ဆောက်လုပ်ခွင့်ဆိုင်ရာ ညွှန်ကြား ချက်အသစ်ကြောင့် အမေရိကန်ဒေါ်လာ ၅ ဘီလျံကျော် နစ်နာဆုံးရှုံးနေတယ်လို့ ရန်ကုန်မြို့ အခြေစိုက် ဆောက် လုပ်ရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။
-
2016-07-21 -
-
-
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အထပ်မြင့်အဆောက်အဦ ဆောက်လုပ်ခွင့်ဆိုင်ရာ ညွှန်ကြားချက် အသစ်ကြောင့် အမေရိကန်ဒေါ်လာ ၅ ဘီလျံကျော် နစ်နာဆုံးရှုံးနေတယ်လို့ ရန်ကုန်မြို့ အခြေစိုက် ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေက ပြောပါတယ်။
ဒီနေ့ ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်မှာ နစ်နာခဲ့တဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ စုပေါင်းကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်သူ ဦးမျိုးမြင့် က ပြောခဲ့တာဖြစ်ပါတယ်။
"KER လို အဆောက်အဦဆိုရင် ဖောင်ဒေးရှင်းတစ်ခုတည်းတင် ဒေါ်လာ ၁၂ သန်းကုန်ပါတယ်၊ ဒီလောက်ငွေကြေးမြောက်များစွာကို ကျနော်တို့ ဘဏ်တွေကတဆင့် ယူထားပြီးတော့ ဆောင်ရွက်ရ တာဖြစ်ပါတယ်၊ ဒီအလုံး ၁ဝဝ၊ ၂ဝဝ ဖြစ်လာလို့ရှိရင် ဒီငွေကြေးပမာဏသည် ဒေါ်လာနဲ့တွက်ရင် ၅ ဘီလျံ၊ ၆ ဘီလျံအထိလောက်ကို ဆုံးရံှူးမှုပမာဏသည် နည်းသောပမာဏ မဟုတ်ဘူးဆိုတာ ကျနော့်အနေနဲ့ တင်ပြလို ပါတယ်"
အထပ်မြင့်အဆောက်အဦ ၁၈၅ လုံးကိုလည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က မြို့အင်္ဂါရပ်နဲ့ ညီ မညီ ပြန်စီစစ်ဖို့ ဆိုပြီး ၂၀၁၆ မေလထဲက လုပ်ငန်းရပ်နားခိုင်းထားတဲ့အတွက် ဆောက်လုပ်ရေးလုပ်သား သောင်းနဲ့ချီ အလုပ်လက် မဲ့ဖြစ်နေတယ်လို့လည်း ပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အထပ်မြင့်အဆောက်အဦးဆိုင်ရာ ညွှန်ကြားချက်အရ အဆောက်အအုံ ၁၂ လုံးဟာ အထပ်လျှော့ချတာတွေ လုပ်ဆောင်ရမှာဖြစ်သလို ဒီဇိုင်းပြင်ဆင်ဖို့ကိုလည်း ညွှန်ကြားခဲ့တာဖြစ်ပါတယ်။
အထပ်လျှော့ချခံရတဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက သူတို့ဟာ ယခင်အစိုးရလက်ထက်ကရှိခဲ့တဲ့ တည်ဆဲဥပဒေနဲ့အညီ ဆောက်လုပ်ထားတာဖြစ်သလို စည်းကမ်းချိုးဖေါက်ထားတာမရှိဘူးလို့ ပြောပါတယ်။
ရန်ကုန်တိုင်းအစိုးရအနေနဲ့ အထပ်မြင့်အဆောက်အဦနဲ့ဆိုင်တဲ့ ညွှန်ကြားချက်တွေကို ပြန်စိစစ်ပေးဖို့ကို လည်း ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက တောင်းဆိုခဲ့ပါတယ်။
ဒါ့အပြင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်ကြောင့် ဆောက်လုပ်ရေးလုပ်ငန်းတွေအပေါ် ယုံကြည်မှု ကျဆင်းတာတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းအရောင်းဆိုင်တွေ ဈေးကွက်ပျက်နေတာတွေအပြင် ဘဏ်လုပ်ငန်းတွေအပေါ်မှာပါ အကျိုးသက်ရောက်မှာ ဖြစ်တယ်လို့လည်း ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ က ပြောပါတယ်။