ထားဝယ်မှာ သတ္တုတွင်းပြိုလို့ အရပ်သား နှစ်ဦးသေဆုံး

ထားဝယ်မြို့နယ် ဟိန္ဒားအုပ်စု ဖွတ်လတ်တိုရွာချောင်းဖျားမှာရှိတဲ့ သတ္တုတွင်းတစ်ခုဟာ ပြိုကျခဲ့တာကြောင့် သတ္တုရှာနေတဲ့ အရပ်သား နှစ်ဦးသေဆုံးခဲ့ပါတယ်။

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် ဟိန္ဒားကျေးရွာအုပ်စု၊ ဖွတ်လက်တို သတ္တုတွင်း လုပ်ငန်းတစ်ခုအား ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလအတွင်းက တွေ့ရစဉ်။ Heinda Mine

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် ဟိန္ဒားအုပ်စု ဖွတ်လတ်တိုရွာချောင်းဖျားမှာရှိတဲ့ သတ္တုတွင်းတစ်ခုဟာ အောက်တိုဘာလ ၁၇ ရက်က ပြိုကျခဲ့တာကြောင့် သတ္တုရှာနေတဲ့ အရပ်သား နှစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူတွေဟာ အသက် ၂၅ နှစ်ဝန်းကျင် အမျိုးသား နှစ်ဦးဖြစ်ပြီး သူတို့ဟာ ဘဝပင်ချောင်းဖျားနဲ့ ဖောင်းတောကြီး ရွာသားတွေဖြစ်တယ်လို့ ဆိုပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ထားဝယ်အရှေ့တော ဒေသခံတစ်ဦးကတော့ အဲဒီသတ္တုတွင်းမှာ မြေပြိုလို့ အရပ်သား နှစ်ဦးကို ပိမိပြီး သေဆုံးခဲ့တာမှန်ကန်တယ်လို့ RFA ကို ပြောပါတယ်။

“မြေပြိုပြီး ပိမိသွားတာ။ အဲဒီဒေသကို မိုင်လေးဆယ်လို့လည်း သိကြတယ်။ အဲဒီတစ်ဝိုက်မှာ သတ္တုလုပ်ကွက်တွေရှိတယ်။ ကုမ္ပဏီက လုပ်တာရော၊ တစ်နိုင်တစ်ပိုင် လုပ်နေကြသူတွေရောရှိတယ်။ အခုပြိုတာက ကုမ္ပဏီ လုပ်ကွက်ထဲမှာ ဝင်ရှာရင်းဖြစ်တာ။ ကုမ္ပဏီဘက်က လုပ်ငန်းရပ်နားထား နှစ်နဲ့ချီကြာပြီ။ ဒေသခံတွေကတော့ ဝမ်းစာအတွက် အဲဒီလုပ်ကွက်ထဲ ဝင်ရှာကြတာ”

ဒေသခံတွေကတော့ အဲဒီသတ္တုလုပ်ကွက်ကို ဖိုးလမိုင်းဒေသလို့ခေါ်ကြပြီး ထားဝယ် အရှေ့တောဒေသမှာ ရွှေနဲ့ ခဲမဖြူ၊ အဖြိုက်နက် စတဲ့သတ္တုရှာဖွေရေးလုပ်ကိုင်ကြတဲ့ ဒေသခံတွေ အများအပြားရှိတယ်လို့ သူက ပြောပါတယ်။

လူသေဆုံးခဲ့တဲ့ အဲဒီသတ္တုတွင်းကို စစ်ကောင်စီနဲ့ တရုတ်ပူးပေါင်းထားတဲ့ စီမံကိန်းဆိုပြီး ပြီးခဲ့တဲ့ အောက်တိုဘာလ ၇ ရက်မှာ ကော်သူးလေတပ်မတော် (KTLA) က မီးရှို့ခဲ့တယ်လို့ တနင်္သာရီဒေသ သတင်းတွေကို ဖော်ပြနေတဲ့ တနင်္သာရီတိုင်းမ်က ရေးသားထားပါတယ်။

အဲဒီသံသတ္တုလုပ်ငန်းကို တောင်ပိုင်းကမ္ဘာကုမ္ပဏီက ၂၀၃၀ အထိ လုပ်ကိုင်ခွင့် ရထားပေမယ့် နယ်မြေလုံခြုံရေး အခြေအနေအရ ၂၀၂၂ ခုနှစ်၊ နှစ်ကုန်ပိုင်းလောက် ကတည်းက လုပ်ငန်းရပ်နားထားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီနဲ့ တရုတ်ပူးပေါင်းထားတဲ့ စီမံကိန်းလားဆိုတာကိုတော့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

တောင်ပိုင်းကမ္ဘာကုမ္ပဏီကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်တဲ့အခါ တာဝန်ရှိသူတစ်ဦးက အရပ်သား သေဆုံးတာ သိရပေမယ့် သေဆုံးခဲ့တဲ့နေရာဟာ ကုမ္ပဏီပိုင်လုပ်ကွက်လား ဒါမှမဟုတ် တခြားသတ္တုလုပ်ကွက်လားဆိုတာ အတည်မပြုနိုင်သေးဘူးလို့ RFA ကို ပြောပါတယ်။

သတ္တုတူးဖော်ရေးလုပ်ငန်းတွေ လည်ပတ်မှုမရှိတော့သလို ဝန်ထမ်းတွေလည်း မရှိတော့တာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလကတည်းကလို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်း ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးသန့်ဇင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org