နောက် ၃ရက်အထိ မိုးကြီးနိုင်

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေမှာ နောက် ၃ ရက်လောက်ထိ မိုးကြီးနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူက ဒီနေ့ ပြောပါတယ်။

မိုးရွာရေကြီးနေတဲ့ ရပ်ကွက်တစ်ခုကို တွေ့ရစဉ် Photo: Min Thein Aung/RFA

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေမှာ နောက် ၃ ရက်လောက်ထိ မိုးကြီးနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူက ဒီနေ့ ပြောပါတယ်။

ဒီရက်ပိုင်းမှာ မုတ်သုန်လေအားနည်းနေပြီး တောင်တရုတ်ပင်လယ်ပြင်ကနေလာတဲ့ တိမ်တိုက်တွေဟာ ရှမ်းပြည်နယ်ကနေ မြန်မာနိုင်ငံအလယ်ပိုင်းကို ဖြတ်နေတဲ့အတွက်ကြောင့် အလယ်ပိုင်းဒေသတွေမှာ မိုးကြီးနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး ကပြောပါတယ်။

"မုတ်သုန်အားနည်းတာကတကြောင်း တောင်တရုတ်ပင်လယ်ကလာတဲ့ တိမ်တိုက်တွေကြောင့်မို့ အလယ်ပိုင်းဒေသတွေမှာ မိုးပိုနေတယ်လို့ ပြောလို့ရပါတယ်၊ အခုလောလောဆယ် နေပြည်တော်တို့၊ မန္တလေးတို့၊ မကွေးတို့မှာ မိုးရွာနေတယ်၊ မုတ်သုန်လေအားနည်းနေတဲ့အချိန်မှာ ဒီလိုဖြစ်စဉ်တွေ က ဖြစ်တတ်ပါတယ်"

ဒီနေ့ မနက်က  မန္တလေးမြို့မှာ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး မြို့နေရာအနှံ့မှာ ရေလျှံမှုတွေဖြစ်ခဲ့တာ ကို တွေ့ရပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်း၊ နေပြည်တော်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ မိုးဇလက ဒီနေ့ ထုတ်ပြန်ထားပါတယ်။

လာမယ့်နှစ်ရက်အတွင်း တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့မှာလည်း မိုးများနိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။

မြစ်ရေအနေနဲ့ တောင်ငူမှာ မနေ့က မိုးများခဲ့တဲ့အတွက် စစ်တောင်းမြစ်ရေ ပြန်တက်နေပြီး စစ်တောင်းမြစ်ရေ ဟာ  တောင်ငူမြို့ရဲ့ စိုးရိမ်ရေမှတ်ကို ပြန်ရောက်နိုင်တယ်လို့  မိုးဇလက ထုတ်ပြန်ထားပါတယ်။

ထို့အတူ မွန်ပြည်နယ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက မိုးများခဲ့တဲ့အတွက် ဘီလင်းမြစ်ရေကလည်း ဒီမနက်ပိုင်းမှာ ၂ပေ ကျော်လောက် မြင့်တက်လာပြီး နောက် ၂ ရက်အတွင်း ဘီလင်းမြို့ရဲ့ စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် ဘီလင်းမြို့နယ်အတွင်း မြစ်ကမ်းအနီးနဲ့ အနိမ့်ပိုင်းတွေမှာ နေထိုင်သူတွေ အထူးသတိပြုနေထိုင်ကြဖို့ မိုးဇလ က သတိပေးထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org