ဒေါ်အောင်ဆန်းစုကြည်အထူးအယူခံ ၂၉ ရက်နေ့ကြားနာမည်
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အမှု အထူးအယူခံကို အောက်တိုဘာ ၂၉ ရက်နေ့မှာ နေပြည်တော်မှာ ကြားနာမယ်လို့ ဒီကနေ့ အောက်တိုဘာ ၂၁ ရက်မှာ ရန်ကုန်ဗဟိုတရားရုံးက ကြေညာလိုက်ပါတယ်။
-
2010-10-21 -
-
-
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းကို RFA က ဆက်သွယ်မေးမြန်းရာမှာ နေ့ရက်ကို ကြော်ငြာသင်ပုန်းမှာ ဒီကနေ့ ကပ်ထားတာပါလို့ ပြောပါတယ်။
“ဒီနေ့ တရားရုံးချုပ်ရဲ့ နို့တစ်ဘုတ်မှာ ဒေါ်စုရဲ့ အမှု ကပ်ထားပါတယ်။ နှစ်ဆယ်နဲ့ ကိုးရက်နေ့မှာ နေပြည်တော်မှာ ကြားနာမယ်လို့ ကျွန်တော် အဲလို သိရပါတယ်။ အင်းစိန်ထောင်ဝင်းထဲမှာ ထိုင်တဲ့ တရားရုံးက အပြစ်ရှိတယ်လို့ သတ်မှတ်ခဲ့တဲ့ဟာကို ကျွန်တော်တို့ အထူး အယူခံ ဝင်နေတာပါ။”
ဒီအမှုဟာ အမေရိကန်နိုင်ငံသား ဂျွန်ယက်တော နေအိမ်ဝင်ရောက်ခဲ့တဲ့အတွက် နေအိမ်အကျယ်ချုပ် ပြစ်ဒဏ်ချိုးဖောက်မှုနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါ်ခင်ခင်ဝင်း၊ မဝင်းမမတို့ သားအမိအပေါ် အင်းစိန် အထူးတရားရုံးရဲ့ စီရင်ချက်ကို ကန့်ကွက်တဲ့ အထူးအယူခံ ဖြစ်ပါတယ်။
ရှေ့နေတွေအနေနဲ့ အမှုနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်ပင်နိုင်ဖို့ တွေ့ဆုံခွင့်ပြုဖို့ အာဏာပိုင်တွေကို ရက်ပိုင်းမှာ တင်ပြတောင်းဆိုမယ်လို့ သိရပါတယ်။
တချိန်တည်းမှာလည်း NLD ပါတီရဲ့ ဧရာဝတီတိုင်း အတွင်းစည်းရုံးရေး ခရီးစဉ်ကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၈ ရက်နေ့က စတင်ခဲ့ရာ တိုင်းအတွင်းရှိ မြို့များကို တမြို့ပြီး တမြို့စည်းရုံး ဟောပြောလျက်ရှိတယ်လို့ သိရပါတယ်။
သွားရောက်တဲ့ အဖွဲ့မှာ ပါတီ ဗဟိုအလုပ်ကော်မတီဝင် ဦးကြည်ဝင်း (လပွတ္တာ) ခေါင်းဆောင်ပြီး တိုင်းစည်းရုံးရေး ကော်မတီဝင်တွေ ဖြစ်တဲ့ မန်းညွန့််သိန်း၊ မန်းဂျော်နီနဲ့ ဇလွန်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မြင့်တို့ ပါဝင်ပါတယ်။
ဒီအဖွဲ့အနေနဲ့ အောက်တိုဘာလကုန်အထိ ဧရာဝတီတိုင်းအတွင်းရှိ မြို့တွေကို ဆက်လက် သွားရောက်ပြီး စည်းရုံးဟောပြောဖို့ ရှိတယ်လို့ စုံစမ်းသိရှိရပါတယ်။