ဥရောပ ပါလီမန်တွင် မြန်မာအရေးကြားနာပွဲ ကျင်းပ
အီးယူ ဥရောပ ပါလီမန်မှာ မြန်မာနိုင်ငံအရေး ကြားနာပွဲတခုကို ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့ပြီး မြန်မာ့အရေး လှုပ်ရှားသူတွေဖြစ်တဲ့ Burma Campaign UK အဖွဲ့က မဇိုရာဖန်း၊ စင်ပြိုင် အာဆီယံ ကွန်ရက်အဖွဲ့က Dabbie Stothard နဲ့ ကမ္ဘာတဝန်း ခရစ်ယာန် သွေးစည်းညီညွတ်ရေးအဖွဲ့က Ben Rogers တို့ ဟောပြောခဲ့ကြပါတယ်။
-
2010-09-30 -
-
-
ဒီကြားနာပွဲမှာ မြန်မာစစ်အစိုးရကို လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရပ်တန့်ပြီး ဒီမိုကရေစီ ဖော်ဆောင်ရေးဖက် ဦးလှည့်လာအောင် အီးယူနိုင်ငံတွေက ပိုမို ဖိအားပေးကြဖို့ တိုက်တွန်းပြောဆိုခဲ့တယ်လို့ မဇိုရာဖန်းက ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်အစိုးရက ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲဟာ အတုအယောင်သာ ဖြစ်ပြီး တိုင်းပြည်ရဲ့ အခက်အခဲ၊ ပြဿနာတွေကို ဖြေရှင်းနိုင်မှာ မဟုတ်ကြောင်း သူက အဓိက ပြောခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပြီး တဆက်တည်းမှာပဲ၊ စစ်အာဏာရှင်တွေက ဖိအားပေးမှု မရှိရင် နိုင်ငံရေး ပြောင်းလဲမှုကို စိတ်မဝင်စားတဲ့အတွက် ဥရောပသမဂ္ဂနဲ့ ကျန်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက စစ်အစိုးရအပေါ်မှာ ပိုပြီး ဖိအားပေးဖို့ လိုအပ်တဲ့အကြောင်း မဇိုရာဖန်းက ပြောခဲ့တယ်လို့ သိရပါတယ်။
ဒါ့ပြင် မြန်မာစစ်အစိုးရ ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမဆန်တဲ့ ရာဇဝတ်မှုတွေကို ကုလသမဂ္ဂက ကော်မရှင်တရပ် ဖွဲ့စည်းစုံစမ်းရေးကိစ္စကို ပိုမိုထောက်ခံမှု ရရှိရေး၊ စစ်အစိုးရအပေါ် အီးယူနိုင်ငံတွေရဲ့ ပိတ်ဆို့မှု တိုးမြှင့်ရေး၊ မြန်မာပြည်တွင်းနဲ့ နယ်စပ်ဒေသတွေက ဒုက္ခသည်တွေ၊ အိုးအိမ်စွန်ခွာ ထွက်ပြေးနေရသူတွေ အတွက် နယ်စပ်ဖြတ်ကျော် အကူအညီတွေ တိုးမြှင့်ပေးအပ်ဖို့ စတဲ့ ကိစ္စတွေပါ အလေးထား တင်ပြခဲ့တယ်လို့ မဇိုရာဖန်းက ပြောပါတယ်။
ဥရောပ ပါလီမန်မှာ နှစ်စဉ်ပြုလုပ်တဲ့ ဒီလူ့အခွင့်အရေးဆိုင်ရာ ကြားနာပွဲမှာ ပါလီမန်အမတ်တွေ၊ ဥရောပ ကော်မရှင်က ကိုယ်စားလှယ်တွေ၊ မြန်မာ့ ဒီမိုကရေစီရေးအတွက် ကြိုးပမ်း ဆောင်ရွက်နေသူတွေ၊ မြန်မာ့အရေး စိတ်ဝင်စား သူတွေ အတော်များများ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။