ကမာရွတ်မီဒီယာ အယ်ဒီတာ ဦးဟံသာညိန်း ဆက်သွယ်ရေးပုဒ်မနဲ့ ထပ်မံ တရားစွဲခံရ

ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်နေ့က ရန်ကုန်တိုင်း အင်းစိန်ထောင် အထူးတရားရုံးကနေ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ - ၅၀၅ (က)နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် နှစ်နှစ် ချမှတ်ခံထားရတဲ့ ကမာရွတ်မီဒီယာရဲ့ အယ်ဒီတာ ဦးဟံသာညိန်း ဟာ အီလက်ထရွန်နစ် ဥပဒေပုဒ်မ - ၃၃ (ခ) နဲ့ ထပ်မံတရားစွဲခံလိုက်ရပါတယ်။

ကမာရွတ်မီဒီယာ အယ်ဒီတာ ဦးဟံသာညိန်းကို တွေ့ရစဉ် Photo: Citizen Journalist

ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်နေ့က ရန်ကုန်တိုင်း အင်းစိန်ထောင် အထူးတရားရုံးကနေ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ - ၅၀၅ (က)နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် နှစ်နှစ် ချမှတ် ခံထားရတဲ့ ကမာရွတ်မီဒီယာရဲ့ အယ်ဒီတာ ဦးဟံသာညိန်း ဟာ အီလက်ထရွန်နစ် ဥပဒေပုဒ်မ - ၃၃ (ခ) နဲ့ ထပ်မံတရားစွဲခံလိုက်ရပါတယ်။

ဘာကြောင့် အဲဒီဆက်သွယ်ရေးဥပဒေနဲ့ ထပ်တိုး တရားစွဲတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ မိသားစုဝင်တစ်ဦးက RFA ကို ဒီနေ့ ပြောပါတယ်။

"ဒီနေ့မှာပဲ ဆက်သွယ်ရေး အီလက်ထရွန်နစ် ပုဒ်မ - ၃၃ (ခ) နဲ့ပေါ့။ အဲဒါနဲ့ ထပ်ပြီးတော့ မှ တရားစွဲဆိုတယ်ဆိုတာ သိရတယ်။ ပြီးခဲ့တဲ့ တစ်ပတ်က ၅၀၅ အမှု အမိန့်ချတဲ့ ရုံးချိန်း မှာတော့ သူ ကျန်းမာရေးကောင်းတယ်လို့ ရှေ့နေက ပြောတယ်။ မိသားစုအနေနဲ့တော့ တွေ့ခွင့်မရဘူး"

အီလက်ထရွန်နစ် ဥပဒေပုဒ်မ - ၃၃ (ခ) ဟာ နိုင်ငံတော် လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်ပြီး နိုင်ငံတော် လျှို့ဝှက်ချက်နဲ့ သက်ဆိုင်တဲ့ သတင်းတစ်ရပ်ရပ်ကို ရယူခြင်း သို့မဟုတ် ပေးပို့ခြင်းတွေ လုပ်ခဲ့တယ်လို့ ပြစ်မှုထင်ရှားရင် အနည်ဆုံး ထောင်ဒဏ် ခုနစ်နှစ် ကနေ အများဆုံး ၁၅ နှစ်အထိ ချမှတ်ရမယ့်အပြင် ငွေဒဏ်လည်း ချနိုင်တယ်လို့ ဖော်ပြ ထားပါတယ်။

ပြီးခဲ့တဲ့နှစ် မတ်လ ၉ ရက်နေ့က ရန်ကုန်မြို့ ကမာရွတ်မီဒီယာရုံးခန်းမှာ ကမာရွတ် မီဒီယာ အယ်ဒီတာချုပ် ဦးနေသန်မောင်နဲ့ အယ်ဒီတာ ဦးဟံသာညိန်း တို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး အမေရိကန်နိုင်ငံသား ဦးနေသန်မောင်ကိုတော့ ပြန်လွှတ်ပေးခဲ့ပါတယ်။

သူတို့နှစ်ယောက်စလုံး စစ်ကြောရေးမှာ ပြင်းထန်တဲ့ နှိပ်စက်မှုတွေ ခံခဲ့ရတယ်လို့ ပြန်လွတ်လာတဲ့ ဦးနေသန်မောင်က အမေရိကန်ကို ပြန်ရောက်တဲ့အခါ ပြည်တွင်း မီဒီယာတွေကို ပြန်လည်ပြောပြခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ သတင်းသမားတွေကို စစ်ကောင်စီက ထောင်ဒဏ်ချမှတ်နေတာတွေ ရပ်တန့်ဖို့ နယူးယောက် အခြေစိုက် သတင်းသမားများ ကာကွယ်ရေးကော်မတီ (CPJ) က ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်နေ့ က တောင်းဆိုခဲ့ပြီး သတင်းသမားတွေကို ထောင်ဒဏ်ချမှတ်တဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံက ဒုတိယ အဆိုးဆုံးနိုင်ငံ ဖြစ်လာတယ်လို့လည်း CPJ က ဆိုထားပါတယ်။

အခုမတ်လထဲမှာတင် ကမာရွတ်မီဒီယာရဲ့ အယ်ဒီတာ ဦးဟံသာညိန်း၊ မဇ္ဈိမသတင်းဌာနရဲ့ အယ်ဒီတာ ကိုသန်းထိုက်အောင်၊ မြန်မာသံတော်ဆင့် သတင်းထောက် ကိုရဲရင့်ထွန်းနဲ့ Mandalay Free Press (MFP) သတင်းဌာနက ကိုအောင်ဇော်ဇော်တို့ဟာ ထောင်ဒဏ် နှစ်နှစ်စီ အမိန့်ချမှတ်ခံခဲ့ရပါတယ်။

မြန်မာ သတင်းသမားတွေ ပြုစုထားတဲ့ စာရင်းတွေအရ စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း အဖမ်းခံရတဲ့ သတင်းသမားပေါင်း ၁၁၅ ဦး ရှိပြီး လက်ရှိ ထောင်တွေထဲမှာ ၃၉ ဦး ကျန်နေသေးကြောင်း၊ စစ်ကြောရေးနဲ့ တိုက်ပွဲတွေကြောင့် သတင်းသမား သုံးဦး အသတ် ခံခဲ့ရကြောင်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org