ရာသီတုပ်ကွေးကြောင့် သေဆုံးသူ ၇ ဦးအထိရှိနေ
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရာသီတုပ်ကွေး A(H1N1) ရောဂါပိုးတွေ့ရှိထားသူ ၄၁ ဦးရှိလာပြီး ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ မွန်၊ နေပြည်တော်နဲ့ တနင်္သာရီ စတဲ့ တိုင်းနဲ့ ပြည်နယ်တွေက သေဆုံးသူ ၇ ဦး အထိရှိနေပြီ ဖြစ်ပါတယ်။
-
2017-07-29 -
-
-
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရာသီတုပ်ကွေး A(H1N1) ရောဂါပိုးတွေ့ရှိထားသူ ၄၁ ဦးရှိလာပြီး ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ မွန်၊ နေပြည်တော်နဲ့ တနင်္သာရီ စတဲ့ တိုင်းနဲ့ ပြည်နယ်တွေက သေဆုံးသူ ၇ ဦး အထိရှိနေပြီ ဖြစ်ပါတယ်။
ဇူလိုင် ၁၉ ရက်နေ့ကနေ ဒီနေ့ ၂၉ ရက်နေ့အထိ ရရှိထားတဲ့ စာရင်းတွေဖြစ်တယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က ပြောပါတယ်။
" ၁၉ ရက်နေ့ကနေ ဒီနေ့ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်အထိ တစ်နိုင်ငံလုံးမှာ အခု ရာသီတုပ်ကွေး ပိုးတွေ့ လူနာပေါင်းက ၄၁ ဦး၊ ၇ ဦး သေဆုံးတယ်၊ ၇ ဦးထဲမှာ ရန်ကုန်တိုင်းရယ်၊ ပဲခူးတိုင်းရယ်၊ ဧရာဝတီ တိုင်းရယ်၊ မွန်ပြည်နယ်ရယ်၊ နေပြည်တော်ရယ်၊ တနင်္သာရီရယ်ပေါ့နော်"
လက်ရှိအချိန်အထိ ရာသီတုပ်ကွေး သံသယရှိသူ ၁၃၈ ဦးကို ဓါတ်ခွဲစစ်ဆေးရာမှာ ၄၁ ဦးမှာ ရောဂါပိုး တွေ့ရှိခဲ့ တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၂ဝဝ၉ ခုနှစ်ကနေ ၂ဝ၁၆ ခုနှစ်အထိ H1N1 ရောဂါပိုးတွေ့ရှိသူ ၄၅၆ ဦးရှိခဲ့ပေ မယ့် သေဆုံးသူတော့ မရှိခဲ့ဘူးလို့လည်း ဒေါက်တာသန်းထွန်းအောင်က ပြောပါတယ်။
H1N1 ရောဂါပိုးဟာ အယောက် ၁ဝဝ မှာ ၅ ရာခိုင်နှုန်းလောက် သေဆုံးတာဟာ ပုံမှန်နှုန်းထားဖြစ်ပြီး ဒီနှစ်မှာ ဖြစ်ပွားတဲ့နှုန်းထားအရဆိုရင် ပုံမှန်ဖြစ်နေကျအနေအထားပဲ ရှိနေသေးတယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်က ကြက်မွေးမြူထားတဲ့အိမ်တချို့မှာ ကြက်တွေသေဆုံးခဲ့တာကြောင့် စစ်ဆေးနေဆဲဖြစ်ပြီး အဲဒီအနီးဝန်းကျင်က ကြက်တွေကိုပါ သုတ်သင်ရှင်းလင်းထားပါတယ်။ အဲဒီသေဆုံးမှုတွေ ဟာ ကြက်ငှက်တုပ်ကွေး H5N1 ဗိုင်းရပ်စ်ပိုးကြောင့် ဟုတ် မဟုတ်ကို အတည်ပြုလို့မရသေးဘဲ စစ်ဆေးနေဆဲဖြစ် တယ်လို့ ဒေါက်တာသန်းထွန်းအောင်က ပြောပါတယ်။
လက်ရှိအချိန်အထိတော့ ထားဝယ်မြို့မှာ ကြက်ငှက်တုပ်ကွေး ဖြစ်ပွားနေတယ်ဆိုတာကိုသာ အတည်ပြုနိုင်တယ် လို့လည်း ဆိုပါတယ်။
ထားဝယ်မြို့နယ်အတွင်းက ကြက်မွေးမြူရေးခြံမှာ ကြက်ငှက်တုပ်ကွေး( H5N1) ဗိုင်းရပ်စ်ပိုး တွေ့ရှိတဲ့အတွက် အခြေခံပညာကျောင်းတွေကို ဇူလိုင်လ ၂၇ ရက်နေ့ကစပြီး ၃၁ ရက်နေ့အထိ ပိတ်ထားဖို့ ညွန်ကြားချက် ထုတ်ပြန်ထားပါတယ်။