သန်းခေါင်းစာရင်းမှာ ဂေါ်ရခါး လူမျိုး ထည့်သွင်းကြဖို့ တိုက်တွန်း
မြန်မာနိုင်ငံမှာ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူနေတဲ့ အပေါ် ဂေါ်ရခါးလူမျိုးတွေအနေနဲ့ နီပေါ၊ နီပါလီဆိုပြီး မထည့်ကြဘဲ ဂေါ်ရခါးလူမျိုးလို့သာ ထည့်သွင်း ကြဖို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက် မြန် မာပြည်ဖွား ဂေါ်ရခါးလူငယ်များ အစည်းအရုံးက ဒီကနေ့ ရက်စွဲနဲ့ ကြေညာချက်တစ်စောင်ထုတ်ပြန်ပြီး တိုက် တွန်းတောင်းဆိုလိုက်ပါတယ်။
-
2014-04-02 -
-
-
မြန်မာနိုင်ငံမှာ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက် ယူနေတဲ့အပေါ် ဂေါ်ရခါးလူမျိုးတွေအနေနဲ့ နီပေါ၊ နီပါလီဆိုပြီး မထည့်ကြဘဲ ဂေါ်ရခါးလူမျိုးလို့သာ ထည့်သွင်းကြဖို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာပြည်ဖွား ဂေါ်ရခါးလူငယ်များ အစည်းအရုံးက ဒီကနေ့ရက်စွဲနဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်ပြီး တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
အစိုးရတာဝန်ရှိသူတွေက ဂေါ်ရခါးလူမျိုးဆိုပြီး ထည့်သွင်းလို့ရကြောင်း ပြောထားသလို ဂေါ်ရခါး လူမျိုးတွေဘက်ကလည်း မှန်မှန်ကန်ကန် ဖြည့် သွင်းနိုင်အောင် အခုလို တိုက်တွန်းလိုက်ရ တာ ဖြစ်တယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာပြည် ဖွား ဂေါ်ရခါးလူငယ်များအစည်းအရုံး ဥက္ကဌ ကိုရာဂျန်းလင်ဘူးက ပြောပါတယ်။
“တချို့နယ်တွေမှာ မသိသေးတဲ့ ဂေါ်ရခါးတွေက ဇဝေဇဝါဖြစ်ပြီး တချို့မြို့နယ်မှာ နီပေါလို့ ထည့်ထားတယ်၊ တချို့မှာ နီပါလီလို့ ထည့်ထားတယ် အဲ့လိုမျိုးပေါ့နော်၊ တိတိကျကျ ဂေါ်ရခါးလူမျိုးပဲ ထည့်စေချင်တာပေါ့နော်၊ အဲ့ဒီအတွက်ကြောင့် ကျနော်တို့က ဂေါ်တခါး လူမျိုးတွေကို ဒီကနေ တိုက်တွန်းလိုက်တာပေါ့ဗျာ၊ မထည့်ရသေးတဲ့ လူတွေကို ဂေါ်ရခါးလို့ထည့်ပါ ဆိုပြီးမှလေ”
မြန်မာနိုင်ငံမှာ ဂေါ်ရခါးလူမျိုး ၅ သိန်းနီးပါး နေထိုင်နေကြပြီး သူတို့ဟာ ကချင်ပြည်နယ် မြစ်ကြီးနား၊ မိုးကုတ်၊ ကျောက်မဲ၊ ကွတ်ခိုင်၊ တောင်ကြီး၊ လွိုင်လင်စတဲ့ ဒေသတွေအပါအဝင် နေရာအနှံ့အပြားမှာ နှစ်ပေါင်းရာနဲ့ချီပြီး နေထိုင်လာခဲ့ကြ တဲ့ မြန်မာနိုင်ငံဖွားတွေ ဖြစ်ကြောင်းနဲ့ ဂေါ်ရခါးလူမျိုးဆိုတာ ပျောက်ပျက်သွားမှာကို စိုးရိမ်တာကြောင့်ဖြစ်တယ်လို့လည်း ကိုရာဂျန်းလင်ဘူးက ဆက်ပြောပါတယ်။
“ပထမက သူတို့က ၉၀၃ မှာ နီပေါလို့ ထည့်ခိုင်းတာ၊ ကျနော်တို့ လူကြီးတွေကလည်းသွားပြီး တခါသူတို့ တင်ပြခဲ့တယ်ဗျ၊ အဲ့ဒါကို နီပေါ လို့ ထည့်ပါပေါ့နော်၊ နောက်မှ ကျနော်တို့ စဉ်းစားပေးမယ်လို့ ပြောတော့ ကျနော်တို့က အဲ့နောက်မှဆိုတဲ့ဟာကြီးကို မရချင်ဘူးဗျာ၊ အခုကတည်းက ဟိုအရင်ရှိပြီးသား နှစ်ပေါင်း နှစ် ရာနဲ့ နှစ်ဆယ်ကျော်ဆိုတာ နည်းတဲ့ရာဇဝင် မဟုတ်ဘူးဗျ၊ ကျနော်တို့ရဲ့ ဘိုးဘွားတွေထားခဲ့တဲ့ နာမည်ကောင်းသတင်းကို ပြန်ပြီး ထိန်းသိမ်းချင်တာပေါ့ဗျာ၊ အခုမှလာပြီးတော့ နီပေါလို့ထည့်ခြင်းအားဖြင့် ကျနော်တို့က တိုင်းတပါးသားလို တခါတည်း ခံစားရတယ်ဗျ၊ နီပေါထည့်ရင် နောက် အနှစ်နှစ်ဆယ်၊ သုံးဆယ်ဆို ကျနော်တို့ရဲ့ ဂေါ်ရခါးသမိုင်းက ပျောက်သွားမှာကိုလည်း စိုးရိမ်တယ်ဗျ”
ဟိမဝန္တာတောင်တန်း၊ နီပေါနိုင်ငံ နီပါလီလူမျိုးကနေ ဆင်းသက်လာကြသူတွေကို မြန်မာနိုင်ငံမှာ ဂေါ်ရခါးလို့ လူသိများပြီး သူတို့ဟာ စစ်တိုက်တဲ့ ဝါသနာထုံသူတွေဖြစ်တဲ့အတွက် ကိုလိုနီခေတ်မှာ ဗြိတိသျှနယ်ချဲ့တွေကနေ ဂေါ်ရခါး တပ်ရင်းတွေဖွဲ့ပေးပြီး မြန်မာနိုင်ငံမှာ လာရောက်အခြေစိုက်ခဲ့ရာက ဂေါ်ရခါးလူမျိုးတွေ ကျန်ရစ်ခဲ့တာလို့လည်း သိရပါတယ်။