ဂရိ ဝန်ကြီးချုပ်က မြန်မာ့ဒီမိုကရေစီရေး ကူညီမည်ဟု ဒေါ်အောင်ဆန်းစုကြည်ကို ပြောကြား
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဂရိနိုင်ငံ ဝန်ကြီးချုပ် ဂျော့ချ် ပါပန်ဒရီယိုက ဒီကနေ့ နိုဝင်ဘာ ၁၉ ရက် နေ့လည်မှာ တယ်လီဖုန်းနဲ့ တိုက်ရိုက် ဆက်သွယ်ပြီး၊ ပြန်လည် လွတ်မြောက်လာတဲ့အတွက် ဝမ်းမြောက်ကြောင်းနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးအတွက် အတတ်နိုင်ဆုံး ကူညီသွားမယ်လို့ ပြောဆိုကြောင်း သတင်းရရှိပါတယ်။
-
2010-11-19 -
-
-
နေအိမ်အကျယ်ချုပ်မှ လွတ်လာပြီးနောက် ပါတီ တာဝန်များကို ပြန်လည် ထမ်းဆောင်ရန် ပထမဆုံးနေ့အဖြစ် နိုဝင်ဘာ ၁၅ ရက်က ဒေါ်အောင်ဆန်းစုကြည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဌာနချုပ်ရုံးသို့ ရောက်ရှိလာစဉ် လူထု ပရိသတ်က ဝိုင်းဝန်း ဆီးကြို နှုတ်ဆက်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)
ဒီကိစ္စနဲ့ပတ်သက်လို့ NLD ပါတီ ပြန်ကြားရေး တာဝန်ခံတဦး ဖြစ်တဲ့ ဦးအုန်းကြိုင်က RFA ကို အခုလို အတည်ပြု ပြောဆိုပါတယ်။
ဒီကနေ့ ညနေမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်မြို့အခြေစိုက် စင်ကာပူသံအမတ်ကြီးရဲ့ ဖိတ်ကြားချက်အရ သံအမတ်ကြီးနဲ့ သွားရောက်တွေ့ဆုံပြီး စကားပြောခဲ့တယ်လို့ သိရပါတယ်။
RFA က ဆက်သွယ်စုံစမ်းတဲ့ အချိန်တုန်းကတော့ ဒေါ်အောင်ဆန်းစုကြည် ပြန်မရောက်သေးတဲ့အတွက် ဘာအကြောင်းတွေ ပြောဆိုကြသလဲဆိုတဲ့ အသေးစိတ် အချက်အလက်ကိုတော့ မသိရသေးပါဘူး။
ဒါ့အပြင် နေ့လည်ပိုင်းတုန်းက NLD ဗဟို အလုပ်အမှုဆောင်တွေ အစည်းအဝေး ကျင်းပခဲ့ပြီး၊ မကြာခင် ရောက်တော့မဲ့ အမျိုးသားအောင်ပွဲနေ့ ကျင်းပဖို့နဲ့ ရှေ့လုပ်ငန်းစဉ်တချို့ ဆွေးနွေးခဲ့ပါတယ်။