စီမံကိန်းနယ်မြေ ပေးထားတဲ့ ကတိ ပျက်ကွက်
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် ပေါင်းလောင်းမြစ်ပေါ်မှာ တည်ဆောက်နေတဲ့ အထက်ပေါင်းလောင်းဆည် စီမံကိန်း အတွက် ကျေးရွာပေါင်း ၂၃ ရွာကို ပြီးခဲ့တဲ့ဧပြီလက စတင်ပြောင်းရွှေ့ခဲ့ရာမှာ စီမံကိန်းတာဝန်ရှိသူတွေ က ဒေသခံတွေအတွက် လျှပ်စစ်မီးနဲ့ စာသင်ကျောင်းတွေ အကောင်အထည်ဖေါ်ပေးဖို့ ပျက်ကွက်နေတယ် လို့ ဒေသခံတွေက ဒီနေ့ပြောပါတယ်။
-
2013-11-04 -
-
-
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် ပေါင်းလောင်းမြစ်ပေါ်မှာ တည်ဆောက်နေတဲ့ အထက်ပေါင်းလောင်းဆည်စီမံကိန်းအတွက် ကျေးရွာပေါင်း ၂၃ ရွာကို ပြီးခဲ့တဲ့ဧပြီလက စတင်ပြောင်းရွှေ့ခဲ့ရာမှာ စီမံကိန်းတာဝန်ရှိသူတွေက ဒေသခံတွေအတွက် လျှပ်စစ်မီးနဲ့ စာသင်ကျောင်းတွေ အကောင်အထည်ဖေါ်ပေးဖို့ ပျက်ကွက်နေတယ်လို့ ဒေသခံတွေက ဒီနေ့ပြောပါတယ်။
ပြန်လည်နေရာချထားပေးတဲ့ နေရာအသစ်မှာ လျှပ်စစ်မီး၊ စာသင်ကျောင်းတွေ၊ ဘုန်းတော်ကြီးကျောင်းတွေ၊ လယ်ယာအစားထိုးမြေကွက်တွေနဲ့ သောက်သုံးရေ အလုံအလောက်ရအောင် တာဝန်ယူပေးမယ်လို့ ကတိပေးခဲ့ပေမဲ့ အခုအချိန်ထိ ဆောင်ရွက်ပေးတာမရှိဘူးလို့ ဒီနေ့ ရန်ကုန်မြို့ လှည်းတန်းလမ်းဆုံက ဒိုင်းမွန်ကွန်ဒိုမှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေသခံတွေက ပြောခဲ့တာဖြစ်ပါတယ်။
ပေါင်းလောင်းဆည်စီမံကိန်း တာဝန်ရှိသူတွေအနေနဲ့ ပေးထားတဲ့ကတိအတိုင်း ဆောင်ရွက်မပေးရင် ဆန္ဒပြဖို့စီစဉ်နေတယ်လို့ ပြောင်းရွှေ့ ရာမှာပါဝင်ခဲ့သူ ပင်လောင်းမြို့နယ်၊ ကျောင်းကမ္ဘာကျေးရွာက ဦးညွန့်ဝင်းက ပြောပါတယ်။
ပြောင်းရွှေ့စဉ်က အိမ်အမျိုးအစားအလိုက် လျော်ကြေးငွေအဖြစ် ဝါးအိမ်ကို ၁၅ သိန်း၊ တိုက်အိမ်ကို သိန်း ၄၀၀ အထိ လျော်ပေးခဲ့ကြောင်း ၊ လယ်တစ်ဧကကို ၆ သိန်း၊ ယာတစ်ဧကကို ၃ သိန်း၊ လယ်သီး နံှ ၅ နှစ်အတွက် ၄၅ သိန်း၊ ယာသီးနှံ ၅ နှစ်အတွက် ၁၅ သိန်းနဲ့ အုန်းတစ်ပင်ကို ၃ ထောင်ကျပ် ပေးခဲ့တယ်လို့ သိရပါတယ်။
ဆည်တည်ဆောက်မှုကြောင့် အဲဒီဒေသမှာနေထိုင်ကြတဲ့ ဗမာ၊ ပအိုဝ်းနဲ့ ကယန်းတိုင်ရင်းသားတွေရဲ့ ယဉ်ကျေးမှုတွေ၊ သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးမှုတွေရှိနေကြောင်းလည်း ဒေသခံတွေက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ပေါင်းလောင်းဆည်ကို ၂၀၀၄ ခုနှစ်က စတင်တည်ဆောက်ခဲ့တာ အခုဆိုရင် ၉၀ ရာခိုင်နှုန်းပြီးနေပြီဖြစ်ပြီး လာမယ့် ၂၀၁၅ ခုနှစ်မှာ အပြီးဆောက်လုပ်သွားမှာ ဖြစ်ပါတယ်။