အစိုးရတပ် စစ်အင်အားတိုးချဲ့မှုကြောင့် ကချင်ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေ

အစိုးရတပ်နဲ့ KIA တပ်တွေအကြား စစ်ရေးပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ဒုက္ခသည် အရေအတွက်ဟာ အခုဆိုရင် ၁ သိန်းကျော်လောက် ရှိနေပြီလို့ သိရပါတယ်။

သောကြာနေ့ကစပြီး အစိုးရဘက်က ရဟတ်ယာဉ် နှစ်စင်းနဲ့ စစ်သည်အင်အားတွေ အကြိမ်ကြိမ် တိုးချဲ့နေတဲ့ အတွက်လည်း တိုက်ပွဲတွေ ပိုမို ပြင်းထန်လာမှာကို ဒေသခံ ပြည်သူတွေ စိုးရိမ် ထိတ်လန့်နေကြကြောင်း ဖားကန့် ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"သောကြာနေ့ညနေပိုင်း ဖားကန့်မြို့ပေါ်မှာရှိတဲ့ အ.ထ.က နဲ့ အမှတ် ၂ စစ်ဗျူဟာ ကြားမှာရှိတဲ့ ဘောလုံးကွင်းမှာ စစ်ရဟတ်ယာဉ် ၂ စီးက ၅ ကြိမ်လောက်ထိ စစ်သားတွေပို့ချထားပေးတယ်။ သောကြာနေ့ည ၈ နာရီခွဲလောက်မှာ မြောက်ပိုင်းတိုင်း လက်အောက်ခံ စစ်သားအင်အား နှစ်ရာနဲ့ သုံးဆယ်လောက်က ချီတက်သွားတာ တွေ့ရတယ်၊ အဲဒီ တွေ့ရတဲ့ အနေအထား အပေါ်မှာ ပြည်သူလူထု ကနေပြီးတော့ စိုးရိမ် ကြောင့်ကြမှုလေးတွေ ရှိတယ်ပေါ့ဗျာ"

ဒီအတောအတွင်း ဖားကန့်မြို့ ပတ်ဝန်းကျင်မှာရှိတဲ့ ကယ်ဆယ်ရေးစခန်း (၃၁) ခုမှာ လာရောက် ခိုလှုံနေတဲ့ ဒုက္ခသည် ပြည်သူတွေကို ဖားကန့်မြို့နယ် ဟောင်ပါး ကျေးရွာအုပ်စုက သံဃာတော်တွေ၊ NLD ပါတီဝင်တွေ၊ လူမှုရေး အဖွဲ့အစည်းတွေနဲ့ စေတနာရှင် ပြည်သူတွေ စုပေါင်းပြီး ဖားကန့်မြို့နယ် NLD ပါတီကတဆင့် ဒီကနေ့ နေ့လည်းပိုင်းမှာ သွားရောက် လှူဒါန်းခဲ့ကြတယ်လို့ NLD ပါတီ တာဝန်ခံ ဦးခင်မောင်ချင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ၂၉ ရက်နေ့ကလည်း ဖားကန့်မြို့မှာရှိတဲ့ စစ်ပြေး ဒုက္ခသည် စခန်းတွေအတွက် ကချင်ပြည်နယ် အစိုးရအဖွဲ့က ငွေကျပ်သိန်း ၅၀ ကို ဖားကန့်မြို့နယ် အုပ်ချုပ်ရေးရုံးက တဆင့် ပေးအပ် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org