အရှင်ဂမ္ဘီရကို အရေးယူမယ်လို့ အစိုးရထုတ် သတင်းစာမှာ ဖော်ပြ

၂ဝဝ၇ သံဃာ့လှုပ်ရှားမှု ဦးဆောင်ဆရာတော် တစ်ပါး ဖြစ်တဲ့ အရှင်ဂမ္ဘီရကို နိုင်ငံတော် သံဃာ့ မဟာနာယက အဖွဲ့က ဓမ္မစက်နဲ့ ထိန်းသိမ်းဖို့ ကြိုးပမ်းပေမယ့် မရတော့တဲ့အတွက် အာဏာစက်နဲ့ အရေးယူတော့မယ်လို့ ဒီကနေ့ထုတ် အစိုးရ သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

၂ဝဝ၇ သံဃာ့လှုပ်ရှားမှု ဦးဆောင်ဆရာတော် တစ်ပါးဖြစ်သည့် အရှင်ဂမ္ဘီရကို အာဏာစက်ဖြင့် အရေးယူမည့်အကြောင်း ၂ဝ၁၂ ဖေဖော်ဝါရီ ၁၇ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားပုံ။ Screenshot

ဦးဂမ္ဘီရဟာ အကျဉ်းထောင်က ပြန်လည် လွတ်မြောက်လာပြီး သင်္ကန်း ပြန်လည်ဝတ်ခွင့် လျှောက်ထားခြင်း မရှိခဲ့ဘဲ ပျက်ကွက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သင်္ကန်းကျွန်းမြို့နယ်က ချိတ်ပိတ်ထားတဲ့ မဂ္ဂင်ကျောင်းတိုက်မှာ ကျူးကျော်ဝင်ရောက် နေထိုင်တယ်လို့လည်း ရေးထားပါတယ်။

ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး သံဃာ့မဟာနာယက ဆရာတော်များရဲ့ သြဝါဒ ခံယူဖို့ ၃ ကြိမ် ခေါ်ဆိုရာမှာလည်း ပျက်ကွက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒီရေးသားချက်နဲ့ ပတ်သက်ပြီး အရှင်ဂန္ဘီရကို အာအက်ဖ်အေက ကြိုးစား ဆက်သွယ်ခဲ့ပေမယ့် မရခဲ့ပါဘူး။

မဂ္ဂင်ကျောင်းတိုက်ကို အစိုးရ အာဏာပိုင်တွေက နောက်ပိုင်း တရားဝင် ပြန်ဖွင့်ပေးခဲ့ပြီး အရှင်ဂမ္ဘီရ အပါအဝင် သံဃာတစ်ချို့ သီတင်းသုံး နေထိုင်ခဲ့ကြပါတယ်။ ဦးဂမ္ဘီရဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းက မဂ္ဂင်ကျောင်းမှာ သီတင်းမသုံးတော့ကြောင်း ကျောင်းထိုင်ဆရာတော် က မိန့်ပါတယ်။

မြန်မာ့အလင်း သတင်းစာရဲ့ အဆိုအရ သံဃာ့မဟာ နာယက ဆရာတော်ကြီးများအား သွားရောက် သြဝါဒ ခံယူစဉ်ကလည်း ရွှေညဝါ ဆရာတော်ကို ကျောင်းတိုက်က ဖယ်ရှားခိုင်းတဲ့ ကိစ္စ၊ အကျဉ်းထောင်တွေမှာ ကျန်နေသေးတဲ့ သံဃာတွေရဲ့ လွတ်မြောက်ရေး နိုင်ငံတော် သံဃာ့မဟာ နာယက ဆရာတော်ကြီးများက ကြိုးပမ်းပေးရန် ပျက်ကွက်သည့် ကိစ္စတွေအပေါ် ကန့်ကွက်ကြောင်း၊ ရှုတ်ချကြောင်း စတဲ့ နိုင်ငံရေးဆန်တဲ့ အသုံးအနှုန်းတွေနဲ့ သုံးနှုန်းလျှောက်ထားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org