နယ်စပ် မိဘမဲ့ကလေးများအတွက် ရံပုံငွေပွဲကျင်းပ

ထိုင်းမြန်မာနယ်စပ် မယ်ဟောင်ဆောင် မြို့အနီးက ကရင်နီ ဒုက္ခသည်စခန်းမှာ ရှိတဲ့ မိဘမဲ့ ကလေးတွေရဲ့ စာသင် ကျောင်းအတွက် ရံပုံငွေပွဲတခုကို အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့ တောင်ဘက် ၃၅ မိုင် အကွာ ပါလိုအော်လ်တို (Palo Alto) မြို့မှာ မနေ့က စက်တင်ဘာလ ၁၈ ရက်နဲ့ ၁၉ ရက် နှစ်ရက်ကြာ ကျင်းပနေပါတယ်။

ထိုင်း-မြန်မာ နယ်စပ်မှ ယာယီဒုက္ခသည်စခန်းတခု ဖြစ်ပါသည်။ (Photo: RFA) RFA

ဒုက္ခရောက်နေတဲ့ မြန်မာနိုင်ငံသားတွေအပေါ် စာနာကူညီသူ အမေရိကန်အမျိုးသမီးကြီး Mrs. Barbara Slone က သူ့နေအိမ်မှာ ဒီရံပုံငွေပွဲကို ကျင်းပတာပါ။ ဒီပွဲနဲ့ပတ်သက်ပြီး Mrs. Barbara Slone က

မယ်ဟောင်ဆောင်မှာရှိတဲ့ ပအို့ဝ်အမျိုးသား ဖွံ့ဖြိုးရေးအဖွဲ့က တည်ထောင်ထားတဲ့ ကျောင်းလေးမှာ ကလေးတွေအတွက် စားဖိုဆောင်နဲ့ ထမင်းစားဆောင် တည်ဆောက်ဖို့ လိုအပ်တဲ့ငွေ ရအောင် ရံပုံငွေပွဲ လုပ်နေတာဖြစ်ကြောင်း၊ အဲဒီကျောင်းမှာ ကလေး (၁၆၄) ယောက်ရှိကြောင်း Mrs. Barbara Slone က ပြောပါတယ်။

ဒီပွဲမှာ မြန်မာ အစားအသောက် တချို့ ရောင်းချသလို လက်မှုပစ္စည်းတချို့ကိုလည်း လေလံစနစ်နဲ့ ရောင်းချခဲ့ပါတယ်။ ရံပုံငွေပွဲကို အားဖြည့် ကူညီပေးနေတဲ့ ဦးညွန့်သန်းကလည်း RFA ကို အခုလို ပြောပါတယ်။

“ပါလိုအော်လ်တို (Palo Alto) က ကယ်လီဖိုးနီးယားမှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ထောက်ခံတဲ့ မြို့တမြို့ပေါ့နော်။ လှူနိုင်တန်းနိုင်တဲ့သူတွေလည်း အတော်များများရှိတော့ နှစ်စဉ်နှစ်တိုင်း ကျနော်တို့ ဒီမြို့မှာ Fund Raising လုပ်လေ့ရှိတယ်။ ဒီနေ့လုပ်တဲ့ပုံစံကတော့ မြန်မာအစားအသောက်တွေ ချက်တယ်၊ ပြီးတော့ ပစ္စည်းတွေ ခင်းကျင်းထားပြီး Silence Auction ပေါ့၊ အလှူရှင်တွေကနေ ဘယ်လောက်ပေးမယ်ဆိုပြီးတော့ စာရွက်လေးတွေမှာ ရေးပြီး လှူကြတယ်။ တိုက်ရိုက်လှူကြတာလည်း ရှိတယ်”

ဒီ ပွဲကို One World Children's Fund အဖွဲ့နဲ့ ချိတ်ဆက် ဆောင်ရွက်တာဖြစ်ပြီး ဒီပွဲက ရရှိမယ့် ရံပုံငွေ ပမာဏအတိုင်း အဲဒီအဖွဲ့ကလည်း ရံပုံငွေ ထပ်ဆောင်းပေးမှာ ဖြစ်တယ်လို့ ဦးညွန့်သန်းက ပြောပါတယ်။

Mrs. Barbara Slone ဟာ ၂၀၀၇ ခုနှစ် အောက်တိုဘာလတုန်းကလည်း ဒုက္ခသည်စခန်းတွေမှာ ပြုလုပ်တဲ့ လက်မှုပစ္စည်းတွေကို ရောင်းချပြီး ရွှေဝါရောင် လှုပ်ရှားမှုကြောင့် ဖိနှိပ်ခံရတဲ့ သံဃာတော်တွေအတွက် ရံပုံငွေပွဲတခုကို သူ့နေအိမ်မှာ ကျင်းပခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org