စစ်ဘေးဒုက္ခသည်တွေ ကူညီရေး ရန်ပုံငွေဖြေဖျော်ပွဲ မြစ်ကြီးနားမှာ စတင်ကျင်းပ
ကချင်ပြည်နယ်အခြေစိုက် တိုင်းရင်းသား ပါတီတွေ စုပေါင်းပြီး စစ်ဘေးဒုက္ခ သည်တွေကို ကူညီထောက်ပံ့ဖို့ ရန်ပုံငွေဖျော်ဖြေပွဲကို မြစ်ကြီး နားမြို့ စီတာပူရပ်ကွက် မနောကွင်းမှာ ဒီနေ့ကစပြီး ၃၀ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပနေပါတယ်။
-
2014-11-28 -
-
-
ကချင်ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီတွေ စုပေါင်းပြီး စစ်ဘေးဒုက္ခသည်တွေကို ကူညီထောက်ပံ့ဖို့ ရန်ပုံငွေဖျော်ဖြေပွဲကို မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် မနောကွင်းမှာ ဒီနေ့ကစပြီး ၃၀ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပနေပါတယ်။
တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက ဒုက္ခသည်တွေအတွက် အကူအညီတွေပေးနိုင်ဖို့ စီစဉ်တာဖြစ်တယ်လို့ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီရဲ့ အတွင်းရေးမှူး
ဦးလာမာလေးက ပြောပါတယ်။
"စစ်ရှောင် သွေးချင်းညီအစ်ကိုတွေအတွက် စာနာထောက်ထားတဲ့အနေနဲ့ ဒီလိုရန်ပုံငွေရှာပြီး ကျနော်တို့ တတ်နိုင်တဲ့ဖက်ကနေ ကူညီဖို့ ရည်ရွယ်ချက်နဲ့လုပ်တာပါ၊ ဝန်ကြီးဖြစ်မှ ဝန်ကြီးချုပ်ဖြစ် မှဆိုတာထက်၊ အာဏာရပါတီဖြစ်မှ ဆိုတာထက် တတ်နိုင်သလောက် ပြည်သူတွေကို ဘယ်လိုပုံစံလက်တွေ့မှာ ဘယ်လိုပုံစံအကျိုးပြုပေးနိုင်မလဲ၊ ပြည်သူတွေကို ကူညီပေးနိုင်မလဲဆိုတာ တိုင်းတဲ့ပေးတံနဲ့ ကြိုးစားပြီးဆောင်ရွက်တာဖြစ်ပါတယ်"
ကချင်ပြည်နယ်အခြေစိုက် လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ တိုင်းလိုင် ခေါ် ရှမ်းနီ အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ကျားဖြူ ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီနဲ့ စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီပါတီတို့ ပထမဆုံးအကြိမ် ပူးပေါင်းကျင်းပတာဖြစ်ပါတယ်။
အဲဒီဖျော်ဖြေပွဲမှာ ရန်ကုန်မြို့က ဟာသသရုပ်ဆောင်တွေ၊ ကချင်ပြည်နယ်က ယဉ်ကျေးမှုအဖွဲ့တွေနဲ့ ဂီတအဖွဲ့တွေလည်း ပါဝင်ကြမယ်လို့ သိရပါတယ်။
ဖျော်ဖြေပွဲကနေ ရရှိလာတဲ့ ရန်ပုံငွေတွေကို စစ်ဘေးဒုက္ခသည်တွေနဲ့ မူးယစ်ဆေးဝါးဆိုင်ရာ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေမှာ လှူဒါန်းသွားမယ်လို့ သိရပါတယ်။ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် ရှမ်း၊ ဂျိန်းဖော၊ ရဝမ်၊ လီဆူ စတဲ့ ဒေသခံတစ်သိန်းဝန်းကျင်လောက် ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြပါတယ်။