မသမာမှု အများဆုံးတွေ့ရသော ရွေးကောက်ပွဲအဖြစ် သုံးသပ်ကြ

စစ်အစိုးရရဲ့ နိုဝင်ဘာ ၇ ရက် မနေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ မြန်မာပြည်သမိုင်းမှာ ရွေးကောက်ပွဲ အင်္ဂါရပ်နဲ့ မပြည့်စုံဆုံး ရွေးကောက်ပွဲတခု ဖြစ်သလို မျှော်လင့်ထားတာထက် အဂတိ လိုက်စားမှုနဲ့ မသမာမှု အများဆုံး တွေ့ရတဲ့ ရွေးကောက်ပွဲ ဖြစ်တယ်လို့ ပြည်တွင်းက ကိုယ်တိုင် မဲထည့်ခဲ့တဲ့ လေ့လာသူတွေနဲ့ နိုင်ငံရေးသမားကြီးတွေက သုံးသပ်ကြပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုး အောက်တိုဘာ ၁၈ ရက်နေ့က နေပြည်တော်တွင် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားနေပုံ ဖြစ်ပါသည်။ (Photo: AFP) (Photo: AFP)

နိုဝင်ဘာ ၇ ရက်နေ့ ရွေးကောက်ပွဲဟာ အနိုင်ရ ကိုယ်စားလှယ် စာရင်း တရားဝင် မကြေညာသေးပေမဲ့ ရွေးကောက်ပွဲတရပ်အနေနဲ့ မည်ကာမတ္တ ရွေးကောက်ပွဲတခုသာ ဖြစ်တယ်လို့ ကိုယ်တိုင် မဲထည့်ခဲ့သူတွေ၊ လေ့လာသူတွေနဲ့ နိုင်ငံရေးသမားကြီးတွေက သုံးသပ်ပါတယ်။

သတင်းနည်းပညာ အချက်အလက်နဲ့ လွတ်လပ်ပွင့်လင်းမှု များလာတဲ့ ခေတ်စနစ်ကို နိုင်ငံတကာက ရှေ့ရှုနေပေမဲ့ စစ်အစိုးရရဲ့ ရွေးကောက်ပွဲဟာ သတင်းအချက်အလက်နဲ့ စည်းရုံးလှုံ့ဆော်ခွင့်၊ မဲဆွယ် စည်းရုံးခွင့်နဲ့ ပွင့်လင်းမှု အနည်းဆုံးလို့လည်း ကိုယ်တိုင် မဲထည့်ခဲ့တဲ့ လေ့လာသူတွေက ဆိုပါတယ်။

ဒီရွေးကောက်ပွဲမှာ ရွေးကောက်ပွဲအနှစ်သာရကို ပျက်စီးသွားစေတဲ့ အဓိကပြဿနာကတော့ ကြိုတင်မဲ ပေးတာတွေနဲ့ ရေတွက်တာတွေ ဖြစ်တယ်လို့လည်း လေ့လာသူတွေက ပြောပါတယ်။

ရွေးကောက်ပွဲရက် မဲရေတွက်ရာမှာ အများပြည်သူ စိတ်အားထက်သန်ခဲ့ပေမဲ့ နောက်တရက်မှာ အမျိုးအမည်မသိ ကြိုတင်မဲတွေ ရောက်လာခဲ့တဲ့အတွက် မဲပေးပြည်သူတွေ စိတ်ထိခိုက်သွားကြတယ်လို့ ဆိုပါတယ်။ နောက်ဆုံးတော့ တရားမျှတမှု မရှိတဲ့ ရွေးကောက်ပွဲဆိုတာ အစကတည်းက မသိဘူးလားဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိလာပါတယ်။

RFA ဝိုင်းတော်သား ကိုကျော်မင်းထွန်းက စုစည်းတင်ပြထားပါတယ်။

စုစည်းတင်ပြချက်
အသံဖိုင်ယူရန်
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org