သတင်းလွတ်လပ်ခွင့်အပေါ် တားဆီးတဲ့ ဘယ်လုပ်ရပ်မဆို ဆန့်ကျင်ကြောင်း NUG ထုတ်ပြန်

လွတ်လပ်တဲ့ သတင်းမီဒီယာတွေ သတင်းရယူပိုင်ခွင့် ပိုမိုအားကောင်းစေရေး ကြိုးပမ်းအားထုတ်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကြေညာပါတယ်။

ရန်ကုန်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ သတင်းယူနေကြသည့် သတင်းထောက်တချို့အား ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက တွေ့ရစဉ်။

သတင်းလွတ်လပ်ခွင့်ကို ကန့်သတ်ချုပ်ချယ် ပိတ်ပင်တားဆီးတဲ့ ဘယ်လိုလုပ်ရပ်မျိုးကိုမဆို ဆန့်ကျင်ပြီး လွတ်လပ်တဲ့ သတင်းမီဒီယာတွေ သတင်းရယူပိုင်ခွင့် ပိုမိုအားကောင်းစေရေး ကြိုးပမ်းအားထုတ်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က မေလ ၃ ရက် ဒီနေ့ကျရောက်တဲ့ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့မှာ ကြေညာပါတယ်။

သတင်းလွတ်လပ်ခွင့်ဟာ ပြည်သူလူထုရဲ့ သတင်းအချက်အလက်သိပိုင်ခွင့်နဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်းအတွက် အရေးပါတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒေသဆိုင်ရာ တိုင်းရင်းသားမီဒီယာတွေ အပါအဝင် လွတ်လပ်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ သတင်းမီဒီယာတွေ ခိုင်မာအားကောင်းစွာ ရပ်တည်နိုင်ရေးကို အားပေးထောက်ခံတယ်လို့လည်း NUG က ပြောပါတယ်။

တစ်ချိန်တည်းမှာပဲ ကမ္ဘာတစ်လွှားက သတင်းလွတ်လပ်ခွင့်နဲ့ သတင်းသမားတွေရဲ့ လုံခြုံရေးအတွက် ဆက်ပြီးပံ့ပိုးကူညီပေးမယ်လို့ ဩစတြေးလျ အစိုးရက ထပ်လောင်းအတည်ပြုတဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျ သံရုံးကလည်း ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် သတင်းလွတ်လပ်ခွင့်ဟာ အဆိုးရွားဆုံးအခြေအနေကို ရောက်နေတယ်လို့ သတင်းမီဒီယာသမားတွေက ထောက်ပြပြောဆိုထားပါတယ်။

စာနယ်ဇင်းသမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (CPJ) ကတော့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့အထိ တစ်ကမ္ဘာလုံးမှာ သတင်းသမား ၃၂၀ အကျဉ်းကျခံခဲ့ရပြီး အဆိုးရွားဆုံး ထိပ်တန်း ၅ နေရာမှာ တရုတ်နိုင်ငံက ၄၄ ဦး၊ မြန်မာနိုင်ငံက ၄၃ ဦး ၊ ဘယ်လာရုစ်က ၂၈ ဦး၊ ရုရှားက ၂၂ ဦးနဲ့ ဗီယက်နမ်နိုင်ငံက ၁၉ ဦးရှိတယ်လို့ ပြီးခဲ့တဲ့ မတ်လတုန်းက ထုတ်ပြန်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org