ရန်ကုန်မှာ ဧည့်စာရင်းမတိုင်မှုနဲ့ လူငယ်ငါးဦး အဖမ်းခံရ

စမ်းချောင်းမြို့နယ်၊ ရှမ်းကုန်းလမ်းမပေါ်ရှိ စိုပြေစားသောက်ဆိုင် အပေါ်ထပ်က အမျိုးသားသီးသန့်အဆောင်ကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက်စစ်ဆေးပြီး လူငယ် ငါးဦးကို ဖမ်းဆီးသွားပါတယ်။

စမ်းချောင်းမြို့နယ် ဂွစျေးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့ကို ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ရှမ်းကုန်းလမ်းမပေါ်ရှိ စိုပြေစားသောက်ဆိုင် အပေါ်ထပ်က အမျိုးသားသီးသန့်အဆောင်ကို ဇူလိုင်လ ၂၃ ရက်ညပိုင်းမှာ စစ်ကောင်စီ တပ်သားတွေ ဝင်ရောက်စစ်ဆေးပြီး လူငယ် ငါးဦးကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ လူငယ်တွေထဲမှာ နယ်ကနေ ဒဂုံတက္ကသိုလ်လာတက်တဲ့ ကျောင်းသားတွေနဲ့ အလုပ်သမား လူငယ်တွေ ပါဝင်တယ်လို့ ပြောပါတယ်။

အဲဒီအမျိုးသား သီးသန့်ဆောင်ကို ဇူလိုင် ၂၃ ရက်ညမှာ ရုတ်တရက် ဧည့်စာရင်းဝင်စစ်ပြီး လူငယ်တွေကို ဖမ်းဆီးသွားတာလို့ အမည်မဖော်လိုတဲ့ စမ်းချောင်းမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

"အဓိက ကတော့ ဧည့်စာရင်းမတိုင်ဘူးဆိုပြီး ဖမ်းတာ။ ဒါပေမဲ့ ဒီကလေးတွေအကုန် ဧည့်စာရင်းတိုင်ထားကြတာပဲ။ စမ်းချောင်းဆိုတာက သိတဲ့အတိုင်း ဧည့်စာရင်း တိုင်တာတောင် ရိုးရိုးမဟုတ်ဘူး၊ စာအုပ်နဲ့ ဓာတ်ပုံနဲ့ တွဲတိုင်ရတာပါ။ ဒါကို ဘာလို့ဖမ်းသလဲပေါ့နော်။ လူမှားပြီး ဖမ်းတယ်ဆိုရင်လည်း ပြန်လွှတ်စေချင်တယ်"

အင်အား လေးဆယ်ကျော်ပါတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဇူလိုင် ၂၃ ရက်နေ့မှာ စမ်းချောင်းမြို့နယ်ထဲက ဂွဈေး၊ ရှမ်းကုန်းလမ်း၊ ကျောင်းလမ်း၊ မြဝတီလမ်း၊ သီရိမင်္ဂလာလမ်း စတဲ့နေရာတွေကို ပိုက်စိပ်တိုက် ဧည့်စာရင်း စစ်ဆေးပြီးတဲ့နောက် အခုလို လူငယ် ငါးဦး ဖမ်းဆီးခံရတာလို့ ဒေသခံတွေက ပြောပါတယ်။

နောက်ထပ် ဒေသခံတစ်ဦးကလည်း ဖမ်းဆီးခံထားရတဲ့ လူငယ် ငါးဦးထဲမှာ ကချင်နဲ့ ရခိုင်တိုင်းရင်းသား လူငယ်နှစ်ဦး ပါဝင်တယ်လို့ ပြောပါတယ်။

သူတို့အားလုံးဟာ အသက် နှစ်ဆယ်ကျော် အရွယ်တွေဖြစ်ပြီး နာမည်အတိအကျ သိရဖို့ စုံစမ်းနေဆဲလို့ စမ်းချောင်းမြို့နယ် ဒေသခံတွေက ပြောပါတယ်။

ဒီဖမ်းဆီးမှုနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ မထုတ်ပြန်သေးပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၃ ဇူလိုင် ၂၄ ရက် မနေ့ကထိ စာရင်းအရ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းက အကျဉ်းထောင်အသီးသီးမှာ အရပ်သားပြည်သူ ၁၉၆၀၃ ဦး ဖမ်းဆီးခံထားရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org