မြိုင်မြို့နယ်မြောက်ပိုင်းမှာ တစ်ပတ်အတွင်း လူလေးဦး အသတ်ခံရ
မကွေးတိုင်း မြိုင်မြို့နယ်မြောက်ပိုင်းမှာ ဇွန်လ ၁၆ ရက်နေ့ကနေ မနေ့ကအထိ စစ်ကောင်စီတပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေအတွင်း အရပ်သားတစ်ဦးနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်သုံးဦး အသတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
- 2022-06-23
-
-
-
မကွေးတိုင်း မြိုင်မြို့နယ်မြောက်ပိုင်းမှာ ဇွန်လ ၁၆ ရက်နေ့ကနေ မနေ့ကအထိ စစ်ကောင်စီ တပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေအတွင်း အရပ်သားတစ်ဦးနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် သုံးဦး အသတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
သေဆုံးတဲ့အရပ်သားဟာ လုံကြီးကျေးရွာက အသက် ၄၀ ကျော်အရွယ် ကိုမြင့်ဝေ ဆိုသူ ဖြစ်ပြီး စစ်သားတွေကို ကြောက်ပြီးထွက်ပြေးရာမှာ ပစ်သတ်ခံရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
"သူတို့ ကျောက်တောကနေ လုံကြီးသွားတာပေါ့နော်။ လုံကြီးကျတော့လည်း ပြည်သူ လူထုတွေ ထိုင်ခိုင်းတဲ့အချိန် ထမပြေးပါနဲ့ပြောတယ်။ အဲဒါ ကြောက်လန့်ပြီး ထပြေးရာ မှာ ပစ်လိုက်တော့ ဗိုက်ကို ထုတ်ချင်းပေါက် ထွက်သွားတယ်"
အင်အား ၇၀ ကျော်ခန့်ရှိတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ ဇွန်လ ၁၆ ရက်နေ့က လုံကြီးကျေးရွာကို မရောက်ခင် ပြင်သာကျေးရွာဘက်ကို မနက် ၈ နာရီလောက်က ကနဦး ရောက်ရှိလာရာမှာ ကင်းပုန်းဝပ်နေတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီတိုက်ပွဲအတွင်း အသက် ၂၀ အရွယ် PDF တပ်ဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကိုမျိုးဆွေ ဖမ်းဆီးခံခဲ့ရပြီးနောက် မီးရှို့ခံထားရတဲ့ သူ့ရဲ့ ရုပ်အလောင်းကို ပြန်တွေ့ခဲ့ကြရတယ်လို့ ဆိုပါတယ်။
အဲဒီနေ့က ပြင်သာရွာက နေအိမ် ၁၀ လုံးနဲ့ ဆိုင်ကယ် ၁၂ စီး မီးရှို့ခံခဲ့ရသလို ကျောက်တော ရွာမှာလည်း ကားနှစ်စီးနဲ့ လယ်ထွန်စက်တစ်စီး ထပ်မံ မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇွန်လ ၁၇ ရက်နေ့မှာတော့ ရွာသစ်ဘက်က PDF တပ်ဖွဲ့ဝင်နှစ်ဦးကို စစ်ကောင်စီတပ်က ကန်နီရွာဘက်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ဇွန်လ ၁၈ ရက်နေ့ညမှာ အသတ် ခံလိုက်ရတယ်လို့ ဒေသကာကွယ်ရေး အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
"PDF ကလေးတွေက ကင်းစောင့်တာပေါ့။ ကင်းစောင့်နေတဲ့အချိန် နောက်က ရောက်ချ လာတော့ အရှင်ဖမ်းမိ သွားတယ်။ သူတို့ကို ကန်နီကို ခေါ်သွားပြီး မျက်လုံးတွေလည်း ဖောက်တယ်၊ လျှာတွေလည်းဖြတ်တယ်။ မသေမရှင် တူးမြှုပ်တယ်လို့ ကျနော်တို့ သတင်းအတိအကျ ရပါတယ်"
ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ PDF အဖွဲ့ဝင်နှစ်ဦးရဲ့ အမည်ကို စုံစမ်းနေဆဲလို့ ပြောပါတယ်။
ဒီပြောဆိုချက်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
မြိုင်မြို့နယ်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်က ရွာစဉ်တစ်လျှောက် စစ်ဆင်ရေး ဆောင်ရွက်နေတာဖြစ်ပြီး နေအိမ်တွေ မီးရှို့ခံရတာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။