ဖို့ဝိန်းမြို့မှာ ဘာသာပေါင်းစုံ ဆုတောင်းပွဲ ကျင်းပ
ရခိုင်ပြည်နယ်က ပဋိပက္ခနဲ့ တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် အပြစ်မဲ့သူတွေ သေဆုံးရတာနဲ့ နေရပ်အိုးအိမ် စွန့်ခွာရသူတွေအတွက် အဖွဲ့လေးဖွဲ့က ကြီးမှူးပြီး အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့မှာ ဘာသာပေါင်းစုံ ဆုတောင်းပွဲကို ဒေသစံတော်ချိန် မနေ့ည ၇ နာရီက ကျင်းပပါတယ်။
-
2012-06-24 -
-
-
ဖို့ဝိန်းမြို့လည် ပန်းခြံမှာ ကျင်းပတဲ့ ဒီအခမ်းအနားကို Peace for Burma မြန်မာပြည် ငြိမ်းချမ်းပါစေ စာတမ်းပါ မိုးပျံ ဘူဘောင်း လွှတ်တင်ပြီး စတင်လိုက်တယ်လို့ ပွဲစီစဉ်သူတစ်ဦးဖြစ်တဲ့ ဦးအောင်မြင့်ထွန်းက ပြောပါတယ်။
"ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေပေါ့နော်၊ အပြစ်မဲ့ သေသွားတဲ့ လူတွေပေါ့နော်၊ အဲတာတွေကို ဝတ်ပြု ဆုတောင်းပေးတာပေါ့နော်။ နောက်တစ်ချက်က တိုင်းရင်းသား နယ်မြေအသီးသီးမှာ ဖြစ်ပေါ်နေတဲ့ စစ်ပွဲတွေကြောင့် အကြောင်းမဲ့ သေရတဲ့လူတွေ၊ နောက်အိုးအိမ် မြေယာတွေကို စွန့်ခွာပြီးတော့ ဒုက္ခတွေရင်ဆိုင်နေရတဲ့ လူတွေအတွက်ပေါ့လေ၊ အားလုံးတည်တည် ငြိမ်ငြိမ်အေးအေး ချမ်းချမ်းနဲ့ အာဃာတတွေ ကင်းကြစေဖို့ ဝတ်ပြုဆုတောင်းကြတာပေါ့။ ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ ဒီပဋိပက္ခတွေက တကယ်မဖြစ်သင့် မဖြစ်ထိုက်တဲ့ ဟာတွေပေါ့နော်။ အဲဒီဟာတွေကို ကျွန်တော်တို့ ဒီဘက်ကနေပြီးတော့ ဘာသာအားလုံးက စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ တစ်ဦးနဲ့တစ်ဦး စုစည်းညီညွတ်စွာ ရှိတာကို ကျွန်တော်တို့က ပြချင်တယ်။ ဒီဟာလေးကို စံနမူနာထားပြီးတော့ ပြည်တွင်းထဲမှာလည်း အေးအေးဆေးဆေး တည်တည် ငြိမ်ငြိမ်နဲ့ ငြိမ်းငြိမ်းချမ်းချမ်း ရှိကြအောင်ပေါ့နော်။ အာဃာတတွေ ကင်းကြအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျွန်တော်တို့ လုပ်ကြတာပါ"
ဒီ သတင်းရေးသားချိန်မှာ ဘာသာပေါင်းစုံ ဝတ်ပြုဆုတောင်းပွဲကို ကျင်းပနေဆဲ ဖြစ်ပြီး နောက်ပိုင်းမှာ ၈၈-မျိုးဆက် ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမြအေးကလည်း skype ကနေတဆင့် ဗီဒီယို အမှာစကား ပြောကြားဖို့ စီစဉ်ထားကြောင်း၊ ပြည်တွင်းမှာ တင်းမာမှုတွေ ပေါ်ပေါက်နေတဲ့အတွက် ဘာသာရေး အဖွဲ့လေးဖွဲ့က ဒီဝတ်ပြု ဆုတောင်းပွဲကို ကမကထလုပ် ကျင်းပတာ ဖြစ်ကြောင်းလည်း ဦးအောင်မြင့်ထွန်းက ပြောပါတယ်။
"ဗုဒ္ဓဘာသာအဖွဲ့ရယ်၊ မြန်မာတိုင်းရင်း ခရစ်ယာန် အသင်းတော်ရယ်၊ မြန်မာမွတ်ဆလင် လူမှုအဖွဲ့အစည်းရယ်၊ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ ပြည်ပရယ် ကျွန်တော်တို့ လေးဖွဲ့ပေါင်းပြီး ဆုတောင်းတာပေါ့"
ဒီ အခမ်းအနားမှာ ပြည်တွင်းက ပဋိပက္ခတွေ ချုပ်ငြိမ်းသွားစေဖို့ ဘာသာပေါင်းစုံ အဖွဲ့တွေက ကိုယ့်နည်းနဲ့ကိုယ် ဖယောင်းတိုင် ထွန်းညှိ ဆုတောင်းကြတယ်လို့လည်း သိရပါတယ်။