ဆည်စီမံကိန်းတွေအတွက် သစ်တော ဧက တစ်သန်း ဆုံးရှုံးခဲ့
မြန်မာနိုင်ငံမှာ ရေလှောင်တမံ ၃၀၀ တည်ဆောက်ရေး စီမံကိန်းတွေအတွက် သစ်တော ဧက တစ်သန်း ဆုံးရှုံးခဲ့ရပြီး၊ အဲ့ဒီဆည်တွေ အနီးက မိုးရေခံရပ်ဝှမ်း ဧက ၁၈ သန်းကျော် ကိုလည်း ထိန်းသိမ်းဖို့လိုအပ်နေတယ်လို့ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးနဲ့ သစ်တောဝန်ကြီးဌာန အြငိမ်းစား အရာရှိတစ်ဦး က ပြောပါတယ်။
-
2015-01-13 -
-
-
မြန်မာနိုင်ငံမှာ ရေလှောင်တမံ ၃၀၀ တည်ဆောက်ရေး စီမံကိန်းတွေအတွက် သစ်တော ဧက တစ်သန်း ဆုံးရှုံးခဲ့ရပြီး၊ အဲ့ဒီဆည်တွေအနီးက မိုးရေခံရပ်ဝှမ်း ဧက ၁၈ သန်းကျော် ကိုလည်း ထိန်းသိမ်းဖို့လိုအပ်နေတယ်လို့ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး နဲ့ သစ်တောဝန်ကြီးဌာန အြငိမ်းစားအရာရှိတစ်ဦး က ပြောပါတယ်။
မြစ်ချောင်းအင်းအိုင်တွေအတွင်း စီးဝင်ရာဖြစ်တဲ့ ရေဝေရေလဲ ခေါ် မိုးရေခံရပ်ဝှမ်းဟာ ဆည်တွေပုံမှန် အလုပ်လုပ်နိုင်ဖို့နဲ့ သစ်တောတွေထိန်းသိမ်းရေးအတွက် အလွန် အရေးကြီးပေမဲ့၊ အဲ့ဒီရေဝေရေလဲ ဒေသတွေကို ထိန်း သိမ်းစောင့်ရှောက်ရေးဟာ အခုမှ အစပျိုးခါက အနေအထားမှာသာရှိနေသေးတယ်လို့ အငြိမ်းစား သစ်တောဌာန ညွှန်ကြားရေးမှူး ဦးတင်အေးက ပြောဆိုကြောင်း ပြည်တွင်းထုတ် အလဲဗင်းသတင်း က ဖေါ်ပြပါတယ်။
နယ်သာလန်အခြေစိုက် TI ခေါ် ပွင့်လင်းမြင်သာမှုအဖွဲ့ရဲ့ အဆိုအရ မြန်မာနိုင်ငံဟာ တရားမဝင် ခုတ်လှဲမှုတွေကြောင့် သစ်တောတွေ မြန်မြန်ဆန်ဆန် ပြုန်းတီးမှု နဲ့ရင်ဆိုင်နေရတဲ့ နိုင်ငံတွေထဲမှာ ပါဝင်နေပါတယ်။
Global Witness အဖွဲ့ကလည်း မြန်မာကနေ တရုတ်ပြည် ယူနန်ပြည်နယ်အတွင်း သစ်မှောင်ခိုသွင်းတဲ့ ပမာဏဟာ ၂၀၀၆ ခုနှစ် မတိုင်ခင်က တစ်နှစ်ကို တန်ချိန် တစ်သန်းရှိတယ်လို့ ဆိုပါတယ်။ သစ်မှောင်ခိုလုပ်ငန်းဟာ ၂၀၁၁ ခုနှစ် မှာ ပြန်လည်ခေါင်းမော့လာခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ သစ်တောဖုံးဧရိယာဟာ ၁၈၅၆ ခုနှစ်က နိုင်ငံ့အကျယ်အဝန်းရဲ့ ၇၀ ရာနှုန်းရှိခဲ့ရာက ၁၉၇၆ ခုနှစ်မှာ ၅၂.၇ ရာနှုန်းသာရှိပါတော့တယ်။ လက်ရှိသစ်တောဖုံး ဧရိယာ နဲ့ပတ်သက်ပြီး သစ်တောပညာရှင် ဦးအုန်းက
"တရားဝင်ကတော့ ၄၁ ရာခိုင်နှုန်းလောက်တော့ ကျန်သေးတယ်ပြောတာပဲ၊ တချို့ကျတော့လဲ ၂၃၊ ၂၄ လောက်ပဲရှိတယ်လို့ပြောကြတယ်၊ အဲ့ဒီကြားထဲ က ၃၀ ရာခိုင်နှုန်းလောက်ရှိသေးတယ်လို့ ခန့်မှန်း ရင်တော့ မမှားလောက်ပါဘူး၊ မျက်စိအောက်တွင် တောကြီးကပြုန်းသွားတာ ဝမ်းနည်းစရာ သိပ်ကောင်း တယ်"
ကုလသမဂ္ဂစားနပ်ရိက္ခာနဲ့စိုက်ပျိုးရေးအဖွဲ့ FAO က ဒီနှစ်ထဲမှာ ထုတ်ပြန်မယ့် မြန်မာ့သစ်တော အစီရင်ခံစာမှာ နိုင်ငံရဲ့ သစ်တောဖုံးဧရိယာဟာ ၂၀ ရာနှုန်း အောက်မှာရှိတယ်လို့ခန့်မှန်းထားကြောင်းသိရပါတယ်။