မှော်ဘီက နေအိမ် သုံးဆယ်ကျော် ဖိအားပေးဖယ်ရှားခံရ

မှော်ဘီမြို့နယ် မြောင်းတကာကျေးရွာက နေအိမ် ၃၃ လုံးဟာ စက်ပစ်ကွင်းထဲမှာ ပါဝင်နေတယ်ဆိုပြီး စစ်ကောင်စီက ဖေဖော်ဝါရီလ ၂၂ ရက် နောက်ဆုံးထား ဖယ်ရှားခိုင်းထားတယ်လို့ ချင်းလူမျိုး သင်းအုပ်ဆရာတစ်ဦးက ပြောပါတယ်။

မှော်ဘီမြို့နယ်၊ မြောင်းတကာကျေးရွာတွင် နေအိမ်အချို့ ဖယ်ရှားခံရသည့်အတွက် အိမ်ပြန်ဖျက်ပေးနေရသည်ကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ နေ့က တွေ့ရစဉ်။ Zalen Info

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ် မြောင်းတကာကျေးရွာက နေအိမ် ၃၃ လုံးဟာ စက်ပစ်ကွင်းထဲမှာ ပါဝင်နေတယ်ဆိုပြီး စစ်ကောင်စီက ဖေဖော်ဝါရီလ ၂၂ ရက်မနက်ဖြန် နောက်ဆုံးထား ဖယ်ရှားခိုင်းထားတယ်လို့ ဖယ်ရှားခံရသူတွေအထဲမှာ ပါဝင်တဲ့ ချင်းလူမျိုး သင်းအုပ်ဆရာတစ်ဦးက RFA ကို ပြောပါတယ်။

အဲဒီမြေတွေကို စစ်ကောင်စီတပ်ရဲ့ ဗိုလ်မှူးကြီးဟောင်းတစ်ဦးဆီကနေ ဝယ်ယူပြီး နေထိုင်နေကြတာလို့ အဲဒီသင်းအုပ်ဆရာက ပြောပါတယ်။

“ကျွန်တော်တို့က ကျူးကျော်မှာ နေတဲ့သူတွေ မဟုတ်ဘူးလေ။ တန်ရာတန်ကြေးပေးပြီး ဗိုလ်မှူးကြီးဟောင်း တစ်ယောက်ဆီကနေ ဝယ်ထားတာ။ မြေရောင်းဝယ်လုပ်ခဲ့တဲ့ ဗိုလ်မှူးကြီးကလည်း တာဝန်ယူတယ်ပြောပြီး အခုလိုအချိန်ကျ ရှာလို့စုံစမ်းလို့ မရတော့ဘူး။ နေစရာလည်းမရှိတော့ တချို့က ဆွေမျိုးတွေဆီ သွားပြီးကပ်နေတယ်။ ကျွန်တော်တို့က ဘုရားကျောင်းမှာ သွားနေရမယ်။ အိမ်နဲ့ ယာနဲ့ ပြောင်းရွှေ့နေနိုင်တဲ့သူ တစ်ယောက်မှမရှိဘူး။ မနက်ဖြန်နောက်ဆုံးဆိုတော့ အခုအိမ်တွေ ဖျက်နေရတယ်”

မြောင်းတကာကျေးရွာမှာ စစ်တပ်က အာဏာမသိမ်းခင်နဲ့ အာဏာသိမ်းပြီးနောက် ပြောင်းရွှေ့နေထိုင်ကြတဲ့ ချင်းတိုင်းရင်းသားနဲ့ ကရင်တိုင်းရင်းသား နေအိမ် တစ်ရာကျော်ရှိပြီး အဲဒီအထဲက နေအိမ် ၃၃ လုံးဟာ စက်ပစ်ကွင်းနဲ့မလွတ်လို့ဆိုပြီး ဖယ်ရှားခံရတာလို့ဆိုပါတယ်။

ဖယ်ရှားခံလိုက်ရတဲ့ အိမ်တွေဟာ ချင်းပြည်နယ် ပလက်ဝ၊ မတူပီနဲ့ တီးတိန်မြို့က ပြောင်းရွှေ့လာတဲ့ ချင်းလူမျိုးစုတွေနဲ့ နေအိမ် ၂၃ လုံးနဲ့ ကရင်တိုင်းရင်းသား အိမ် ဆယ်လုံး ပါဝင်တယ်လို့လည်း ပြောပါတယ်။ အဲဒီအိမ်တွေကိုဖယ်ရှားဖို့ စစ်ကောင်စီရဲ့ ဒေသအာဏာပိုင်တွေက ပြီးခဲ့တဲ့ဇန်နဝါရီလက ဖိအားပေးခဲ့တာလို့လည်း ဆိုပါတယ်။

လက်ရှိမှာ နေအိမ်ဖယ်ရှားခံရသူတွေ အခက်အခဲနဲ့ ရင်ဆိုင်နေကြရတယ်လို့လည်း ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ရန်ကုန်တိုင်း စစ်ကောင်စီပြောခွင့်ရသူကို RFA ကနေ တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org