ရခိုင်မှာ စစ်ကောင်စီက ရိက္ခာထောက်ပံ့မှု ရပ်ဆိုင်းထားကြောင်း စစ်ဘေးဒုက္ခသည်တွေပြော

ရခိုင်ပြည်နယ်က စစ်ဘေးဒုက္ခသည်စခန်းတွေမှာ စစ်ကောင်စီရဲ့ လူကယ်ပြန်ဌာနက လစဉ်ပုံမှန် ဆန်ရိက္ခာထောက်ပံ့မှု ရပ်ဆိုင်းထားတာကြောင့် ဒုက္ခသည်တွေ အခက်အခဲ ဖြစ်နေပါတယ်။

ညောင်ချောင်း စစ်ဘေးဒုက္ခသည်စခန်းကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့က တွေ့ရစဉ် Photo: RFA

ရခိုင်ပြည်နယ်က စစ်ဘေးဒုက္ခသည်စခန်းတွေမှာ စစ်ကောင်စီရဲ့ လူကယ်ပြန်ဌာနက လစဉ်ပုံမှန် ဆန်ရိက္ခာထောက်ပံ့မှု ရပ်ဆိုင်းထားတာ အချိန်သုံးလလောက်အထိ ကြာလာတာကြောင့် ဒုက္ခသည်တွေ အခက်အခဲ ဖြစ်နေတယ်လို့ စခန်းတာဝန်ခံတွေက RFA ကို ဒီနေ့ပြောပါတယ်။

စစ်ဘေးဒုက္ခသည် တစ်ဦးစီကို ထမင်းတစ်နပ် ဆန်နို့ဆီဘူး တစ်ဘူးနှုန်းနဲ့ စစ်ကောင်စီရဲ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက လစဉ် ထောက်ပံ့ နေတာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလနောက်ပိုင်း ထောက်ပံ့မှုတွေ ရပ်ဆိုင်းထားတယ် လို့လည်း ဆိုပါတယ်။

လူဦးရေ သုံးထောင်ကျော်ခိုလှုံနေတဲ့ ကျောက်တော်မြို့နယ် ညောင်ချောင်းဒုက္ခသည် စခန်းမှာဆိုရင် ရိက္ခာမရောက်လို့ ချေးငှားစားသောက်နေကြရတယ်လို့ စခန်းတာဝန်ခံ ဦးဦးသန်းအေးက ပြောပါတယ်။

“အခုဆိုရင် ကျနော်တို့စခန်းမှာ ဆန်ရိက္ခာမရောက်တာ သုံးလရှိပြီ။ ဒုက္ခသည်တွေ ကတော့ ဟိုလူ့ဆီကချေး၊ ဒီလူ့ဆီကချေးနဲ့ ဖြစ်သလို စားသောက်နေကြရတယ်။ တခြားသူတွေမှာလည်း ဆန်မရှိကြတော့ဘူး။ ဒီလအတွင်းသာ ရိက္ခာမရောက်ရင် ကျနော်တို့ ဘယ်လိုမှ ရပ်တည်နိုင်တော့မှာ မဟုတ်တော့ဘူး”

အလားတူပဲ ပုဏ္ဏားကျွန်းမြို့နယ် စက်မှုဇုန်ဒုက္ခသည်စခန်းမှာလည်း အစိုးရက လစဉ် ထောက်ပံ့တဲ့ ရိက္ခာမရောက်တာကြောင့် ဒုက္ခသည်တွေ အခက်အခဲဖြစ်နေကြတယ်လို့ စစ်ဘေးဒုက္ခသည် ဦးဦးသန်းဌေးက RFA ကို ပြောပါတယ်။

“ရိက္ခာမရောက်တာ သုံးလရှိပါပြီ။ ဒုက္ခသည်တွေမှာက အရင်လို နေ့စား အလုပ်တွေလည်း မရှိဘူး။ ကုန်ဈေးနှုန်းတွေကလည်းတက်တယ်။ ရိက္ခာမရောက်တော့ တော်တော်လေးကို အခက်အခဲဖြစ်နေကြတယ်။ အခုတော့ WFP က ထောက်ပံ့တဲ့ လူတစ်ယောက် တစ်လ ၁၇,၀၀၀ နဲ့ပဲ မျှတအောင် စားနေကြရတယ်။ အဲဒါနဲ့ ကျနော်တို့ ဘယ်လောက်တောင့်ခံနိုင်မလဲ”

အဲဒီပုဏ္ဏားကျွန်း စက်မှုဇုန်စစ်ဘေးဒုက္ခသည်စခန်းဟာ ၂၀၂၀ ပြည့်နှစ်က အစိုးရကနေ တရားဝင်ဖွင့်လှစ်ပေးခဲ့တာဖြစ်ပြီး ကျောက်ဆိပ်၊ သာစည် စတဲ့ ရွာတွေနဲ့ ပလက်ဝမြို့နယ် နှမဒါရွာက ဒုက္ခသည် စုစုပေါင်း ၆၀၀ ကျော် ခိုလှုံနေတာ ဖြစ်ပါတယ်။

အဲဒီလိုပဲ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ အမ်း၊ ရသေ့တောင်၊ ဘူးသီးတောင် စတဲ့ မြို့နယ် တွေက ဒုက္ခသည်စခန်းတွေမှာလည်း ရိက္ခာအထောက်အပံ့ မရတော့တာကြောင့် အခက်အခဲဖြစ်နေကြတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

စစ်ဘေးဒုက္ခသည်တွေ ရိက္ခာထောက်ပံ့မှု ရပ်ဆိုင်းခံထားရတာနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဖုန်းဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဒီနေ့ ညနေ ၅ နာရီလောက်အထိ အကြောင်းမပြန်ခဲ့ပါဘူး။

ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ စစ်ရေးပဋိပက္ခတွေကြောင့် အိုးအိမ် စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ စစ်ဘေးဒုက္ခသည် ခြောက်သောင်းကျော်ဟာ အခုအချိန်အထိ နေရပ် မပြန်နိုင်ကြသေးဘူးလို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) က ပြောဆိုထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org