မင်းတုန်းမှာ ရေကြီးလို့ ရိတ်သိမ်းခါနီး နှမ်းစိုက်ခင်း ဧက ၂၀၀ နီးပါးဆုံးရှုံး

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်ထဲမှာ မိုးသည်းထန်ပြီး မနေ့က ရုတ်တရက် ရေကြီးလာလို့ ရိတ်သိမ်းခါနီး နှမ်းစိုက်ခင်း ဧက ၂၀၀ နီးပါး ရေမြုပ်ပျက်စီးသွားတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ပြောပါတယ်။

ရေကြီးနေတဲ့ သရက်မြို့နယ်က ကားလမ်းတစ်နေရာကို ၂၀၂၁၊ သြဂုတ် ၆ ရက်နေ့က တွေ့ရစဉ် Photo: Citizen Journalist

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်ထဲမှာ မိုးသည်းထန်ပြီး မနေ့က ရုတ်တရက် ရေကြီးလာလို့ ရိတ်သိမ်းခါနီး နှမ်းစိုက်ခင်း ဧက ၂၀၀ နီးပါး ရေမြုပ်ပျက်စီးသွားတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ ပြောပါတယ်။

လွန်ခဲ့တဲ့ သုံးရက်လောက်ကတည်းက တဖြည်းဖြည်း ရွာနေတဲ့မိုးဟာ သြဂုတ်လ ၅ ရက် မနေ့ညမှာ ပိုမို ပြင်းထန်ခဲ့တာကြောင့် လွှာချောင်းရေ မြင့်တက်လာပြီး အခုလို နှမ်းစိုက်ခင်းတွေ ရေနစ်မြုပ်သွားတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“မိုးက တစ်ညလုံး သည်းတာကနေ စတာ။ အိမ်တွေထဲရေဝင်ပြီး အိမ်အောက်ထပ်က ထိုင်ခုံတွေ၊ စားပွဲတွေ မျောကုန်တာ၊ အဲဒါ အောက်ဘက်က အိမ်တွေမှာ တင်နေလို့ အခု လိုက်ဆယ်နေရတယ်။ ရေကြီးလို့ နှမ်းခင်းတွေအပြင် ပြောင်းနဲ့ တခြား သီးပင်စားပင် စိုက်ခင်းတွေလည်း ရေမြုပ်တဲ့အထဲ ပါသွားတယ်”

မင်းတုန်းမြို့နယ် မဲဇလီကျေးရွာအနီး ပုသိမ်-မုံရွာကားလမ်းမပေါ်မှာလည်း ရေလျှံနေတာကြောင့် ဒီနေ့ မနက်ပိုင်းမှာ ကားလမ်း ၃ နာရီလောက် ပြတ်တောက်သွားပြီး နေ့လယ် ၁၂ နာရီလောက်မှ ရေပြန်ကျလို့ လမ်းပြန်ပွင့်သွားပြီလို့လည်း ဆိုပါတယ်။

ရေကြီးတာကြောင့် နေအိမ် ၂၅ လုံးခန့် ရေနစ်မြုပ်ခဲ့ပြီး သရက်အုပ်၊ ရေပုလဲ၊ မဲဇလီ၊ ကံပိုင်နဲ့ တောင်မြင့် ကျေးရွာတွေဘက်က ရိတ်သိမ်းခါနီး နှမ်းခင်းတွေ၊ ရိတ်ပြီးထောင်ထားတဲ့ နှမ်းထောင်တချို့လည်း ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org