ဂန့်ဂေါမှာ မိုးများပြီးချောင်းရေကြီးလို့ နေအိမ် ၂၀ ခန့်နဲ့ နှမ်းဧကတစ်ရာကျော် ပျက်စီး
ဂန့်ဂေါမှာ ဇူလိုင် ၃၁ ရက်မနက် အစောပိုင်း မိုးသည်းထန်စွာရွာပြီး ရေကြီးတာကြောင့် စစ်ဘေးဒုက္ခသည်နေအိမ် ၂၀ ခန့်နဲ့ နှမ်းဧကတစ်ရာဝန်းကျင် ပျက်စီးခဲ့ပါတယ်။
-
RFA Burmese
2023-07-31 -
-
-
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်က တင်းလဲချောင်းနဲ့ လောင်ဂတ်ချောင်းဟာ ဇူလိုင်လ ၃၁ ရက်နေ့ ဒီနေ့မနက် အစောပိုင်း မိုးသည်းထန်စွာရွာသွန်းပြီး ရုတ်တရက်ရေကြီးလာတာ ကြောင့် ထယ်လှော်ရွာမှာရှိတဲ့ စစ်ဘေးဒုက္ခသည်နေအိမ် (တဲ) အလုံး ၂၀ ခန့်နဲ့ နှမ်းဧက တစ်ရာဝန်းကျင် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့မနက်အစော ၁ နာရီကနေ ၃ ရာရီအထိ မိုးကြီးပြီး ချောင်းရေ ရုတ်တရက်တက်လာ တာကြောင့် ချောင်းဘေးမှာနေထိုင်တဲ့ စစ်ဘေးဒုက္ခသည်တဲတွေ ပျက်စီးခဲ့တာလို့ ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။
"ကျွန်တော်တို့ရွာက ရေလျှံတာ တဲတွေမြုပ်တယ်။ စစ်ဘေးရှောင်တော့ တောထဲက ချောင်းစပ်မှာ ကပ်နေရတာမှာ ညတုန်းက မိုးတအားရွာ ရေတွေလျှံတော့ တချို့တဲ တွေဆို အကုန်လုံးလဲသွားတာ။ ကျွန်တော်သွားတဲ့ တဲဆို ရေက ခါးလောက်ရှိတယ်။ ချောင်းဘေးက တဲအလုံး ၂၀ ထက်မနည်း ရေလျှံသွားတယ်"
ဒါ့အပြင် တောင်သူတွေရဲ့ စပါး၊ မျိုးစပါး၊ ဆန်၊ လှည်း၊ လယ်ယာသုံးပစ္စည်းတွေအကုန်လုံး လည်း ရေထဲ မျောပါသွားတယ်လို့ ဆိုပါတယ်။
အဲဒီချောင်းတွေဟာ ချင်းတောင်တန်းတွေပေါ်က မြစ်ဖျားခံလာတဲ့ တောင်ကျချောင်းတွေ ဖြစ်ပေမယ့် နှစ်ပေါင်း ၃၀ အတွင်း ဒီလိုရေကြီးတာမျိုး မကြုံတွေ့ခဲ့ဘူးလို့လည်း ဒေသခံ တွေက ပြောပါတယ်။
အဲဒီချောင်းဘေးမှာ နေထိုင်ကြတဲ့ စစ်ဘေးဒုက္ခသည် တစ်ရာခန့်ကတော့ လတ်တလော အရေးပေါ်စားနပ်ရိက္ခာ၊ အဝတ်အထည်၊ အမိုးအကာတွေ လိုအပ်နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။