ပဲခူး ရေဘေး အရေးပေါ်အကူအညီ လိုအပ်
ပဲခူးမြစ်ရေ လျှံတက်နေမှုကြောင့် ပဲခူးမြို့တွင်းက လူနေရပ်ကွက် အတော်များများမှာ သြဂုတ်လ ၃၁ ရက် ဒီကနေ့ တတိယမြောက်နေ့ အဖြစ် ဆက်လက် ရေနစ်မြုပ်နေဆဲ ဖြစ်ပြီး ရေဘေးဒုက္ခသည်တွေအတွက် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
-
2010-08-31 -
-
-
ကျောက်ကြီးစု၊ ကလျာနီ်၊ ရွှေသာလျောင်း၊ မဇင်းစတဲ့ရပ်ကွက်တွေနဲ့၊ ဇိုင်းကနိုင်းတောင်ပိုင်း မြောက်ပိုင်းက ရပ်ကွက်တွေရဲ့ မြေနိမ့်ပိုင်းကျတဲ့ နေရာတွေမှာ ရှိတဲ့ လူနေအိမ်တွေ ရေနစ်မြုပ်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
ပဲခူးမြို့ ဇိုင်းကနိုင်းရပ်မှာ နေထိုင်သူတဦးကတော့ ရေမြုပ်နေတဲ့ အိမ်ခြေ စုစုပေါင်း နှစ်ထောင်လောက် ရှိမယ်လို့ ခန့်မှန်းပြောဆိုပြီး အများစုဟာ စားဖို့သောက်ဖို့ အခက်အခဲတွေ ကြုံတွေနေရကြောင်းနဲ့ အာဏာပိုင်တွေဖက်က လာပြီး ကူညီတာ မတွေ့ရသေးဘူးလို့ RFA ကို အခုလို ပြောပါတယ်။
“ကျနော်တို့ ဒီ ဇိုင်းတောင် ဇိုင်းမြောက်ပေါ့နော့်၊ ဇိုင်းမြောက်ကတော့ အဆိုးဆုံးပဲပေါ့ စားစရာ သောက်စရာ မရှိဘူးပေါ့၊ နေစရာ မရှိတော့ အဲဒီ ဘုန်းကြီးကျောင်းတွေ နီးစပ်တဲ့နေရာတွေမှာ တက်နေရတာပေါ့နော်၊ အပြည့်ပဲ ဘုန်းကြီးကျောင်းတွေမှာဆို၊ ဒီနှစ်တက်တာက မြန်တယ်လေ၊ မနေ့က ညနေကဆို တော်တော် ချက်ချင်း တက်လာတာ၊ ဒီအနိမ့်ပိုင်းတွေ ဆိုလို့ရှိရင် ဝါးတပြန်လောက် အဲဒီလောက် မြုပ်တယ်၊ အိမ်ခြေ မရှိဘူးဆိုလို့ ရှိရင် နှစ်ထောင် ဝန်းကျင်လောက် ရှိမှာပေါ့၊ အစိုးရပိုင်း ဘာညာကတော့ ဘာမှ ကူညီတာတော့ ကျနော် မတွေ့မိဘူး။”
လူအသေအပျောက် ရှိတယ်ဆိုတာမျိုးတော့ မကြားဘူးလို့ သူကပြောပါတယ်။
ဒီကနေ့ မနက်ပိုင်း ပဲခူးမြို့ ရွှေသာလျောင်း ရပ်ကွက်မှာ ရှိတဲ့ ဦးကိတ္ထိ ဘုန်းကြီးကျောင်းတိုက်က ဆရာတော် ဦးကိတ္ထိ ဦးဆောင်ပြီး ရပ်ကွက်တချို့က ရေဘေး ဒုက္ခသည်တွေအတွက် ထမင်းထုတ်တွေ လိုက်လံ ဝေပေးခဲ့သလို မြို့ခံ စေတနာရှင်တွေကလည်း တတ်နိုင်သရွေ့ အကူအညီ ပေးနေကြပါတယ်။
လက်ရှိ အခြေအနေအရ ရေဘေးဒုက္ခသည်မှာ စားရေးသောက်ရေးအထောက်အပံ့အကူအညီတွေ လိုအပ်နေတဲ့ အကြောင်းကို ဆရာတော် ဦးကိတ္ထိက အခုလိုမိန့်ပါတယ်။
“အခုလောလော ဆယ်က ဆန်ဝေနိုင်တဲ့လူ ဆန်ဝေပေါ့၊ ဆီဝေနိုင်တဲ့လူ ဆီဝေပေါ့၊ အဓိကတော့ ထမင်းပေါ့၊ ဘုန်းကြီးတို့ကလည်း တသီးပုဂ္ဂလ ပို့ကြတာပေါ့၊ အခု ဒီနေ့ စပို့တာက အထုတ်တထောင် စပို့ပါတယ်။ လူကတော့ အဲ့ဒီ ဘုန်းကြီးကျောင်းတွေ အဆောင်တွေ သူတို့နေတဲ့နေရာတွေမှာ ၆၀ဝ ရှိတယ်၊ ၂၀ဝ ရှိတယ်၊ ၃၀ဝ ရှိတယ်၊ ၅၀ဝ ရှိတယ်ပေါ့၊ သူတို့အတွက် လိုအပ်တာကတော့ အခုလောလောဆယ်က အဓိကကတော့ ထမင်းပေါ့။”
ဒီကနေ့ထုတ် အစိုးရရဲ့ မြန်မာ့အလင်း သတင်းစာပါ မိုးလေဝသနဲ့ ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာန သတင်း ထုတ်ပြန်ချက်မှာ ပဲခူးမြစ်ရေဟာ မနေ့က နေ့လည် ၁၂ နာရီကနေစလို့ နောက်ထပ် ၂၄ နာရီအတွင်း စိုးရိမ် ရေမှတ် ၉၁၀ စင်တီမီတာ အထက်မှာ ဆက်လက် တည်ရှိနေမှာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
ပဲခူးတိုင်း မိုး-ဇလဦးစီးဌာနကို အခြေအနေ မေးမြန်းကြည့်ရာမှာတော့ ညွန်ကြားရေးမှူး ဦးမောင်မောင်ဌေးက သူတို့စခန်းအနေနဲ့က မိုးလေဝသအခြေအနေကို တိုင်းထွာ သတင်းပို့ရုံသာ ဖြစ်ပြီး ခန့်မှန်းချက် ထုတ်ပြန်တဲ့ စခန်း မဟုတ်တဲ့အတွက် ပြောလို့မရနိုင်ကြောင်း အခုလိုပြောပါတယ်။
“ရေကတော့ ကျနော်တို့ ဒီနေ့ ၁၂ နာရီ မိုးလေဝသ ထုတ်ထားပါတယ်၊ ၉ ကနေ ၁၀ ဒိန်းဂျားလယ်ဗယ် တက်မယ်၊ ၁၂ နာရီခွဲ အချိန်က ကျနော်တို့ ၉၂၄ စင်တီမီတာ ရောက်ရှိနေပါတယ်၊ ပဲခူးမှာ နော်၊ နောက် ၂၄ နာရီအတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ် ၉၁၀ စင်တီမီတာ အထက်တွင် ဆက်လက်တည်ရှိနိုင်ပါသည်။ နေပြည်တော်က တရားဝင် ထုတ်ပြန်ထားပါတယ်၊ ဟုတ်ကဲ့ ဒီနေ့ ၃၁ ရက် ၁ နာရီအချိန်က ထုတ်ပြန်ထားပါတယ်။ ကျနော်တို့က ရီပို့တင်းစတေရှင်ပါ ကျနော်တို့က ဖို့ကက်စ်တင်း မဟုတ်တဲ့အတွက် ဘာမှပြောခွင့် မရှိပါဘူး၊ ပြောလို့လည်း မရပါဘူး။”
ဒါကတော့ ပဲခူးမြစ်ရေကြီးမှု နောက်ဆုံးအခြေအနေကို မိုးလေဝသဌာနက ညွန်ကြားရေးမှူး ဦးမောင်မောင်ဌေး ပြောသွားတာပဲ ဖြစ်ပါတယ်။