ဧရာဝတီမြစ်ရေတက်လို့ မြစ်ကြီးနားမြို့ ရပ်ကွက်တချို့ ရေကြီး
မြစ်ရေဆက်တက်နေတာကြောင့် ကားတွေသွားလို့ မရတော့ဘဲ ကယ်ဆယ်ရေးလုပ်ဖို့ အခက်အခဲကြုံနေရတယ်လို့ ကူညီနေသူတစ်ဦးက ပြောပါတယ်။
-
RFA Burmese
2024-06-30 -
-
-
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဧရာဝတီမြစ်ရေတက်နေပြီး အနိမ့်ပိုင်းရပ်ကွက်က နေအိမ်တွေ ရေနစ်မြုပ်ကုန်တာကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေပေမဲ့ ပိတ်မိနေသူတွေလည်း ရှိနေတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်သူတွေက ပြောပါတယ်။
မြစ်ရေဆက်တက်နေတာကြောင့် ကားတွေသွားလို့ မရတော့ဘဲ ကယ်ဆယ်ရေးလုပ်ဖို့ အခက်အခဲကြုံနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်နေသူတစ်ဦးက ပြောပါတယ်။
"စီတာပူ၊ ကြက်ပေါင်ခြံ၊ လယ်ကုန်း၊ ရမ်ပူစတဲ့ ရပ်ကွက်တွေမှာ ရေဝင်နေလို့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတာ။ နေရာရွှေ့ပြောင်းပေးခဲ့ရသူ ရာကြီးပိုင်းလောက်ရှိတယ်။ ရေကအခုထိ ထပ်တိုးနေတယ်။ အဲဒါမို့ ကားတွေသွားလို့မရတော့လို့ ပြန်လှည့်လာရတယ်။ မရွှေ့ပြောင်းနိုင်သေးတဲ့သူတွေလည်းရှိတယ်။ ကျွန်တော်တို့လည်း မနိုင်တော့ဘူး"
ဇွန်လ ၂၉ ရက်နေ့ညက စပြီး ဧရာဝတီမြစ်ရေတက်လာတာလို့ ကူညီကယ်ဆယ်ရေးဆောင်ရွက်သူတွေက ပြောပါတယ်။
ဇွန်လ ၃၀ ရက်နေ့ ည ၇ နာရီခွဲအချိန်မှာ ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့ရဲ့ စိုးရိမ်ရေအမှတ်ဖြစ်တဲ့ ၁၂၀၀ စင်တီမီတာကို တစ်ပေခန့်ကျော်လွန်ရောက်ရှိနေပြီး နောက်ထပ်လည်း ရေထပ်တိုးလာနိုင်ကြောင်း ကချင်ပြည်နယ် မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်လင်းထွေးက သူ့ရဲ့ဖေ့ဘွတ်စ်လူမှုကွန်ရက်စာမျက်နှာမှာ အသိပေးပြောဆိုထားပါတယ်။
မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနကလည်း မြစ်ကြီးနားမြို့က နေရာတချို့မှာ ရေကြီးနေတာကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေကြောင်း ထုတ်ပြန်ထားပါတယ်။