ရေဘေးကြောင့် သီးနှံစိုက်ဧက ခုနစ်သိန်းခွဲကျော် ပျက်စီး

ရာဂီ မုန်တိုင်းအရှိန်ကြောင့် နိုင်ငံတစ်ဝန်း ရေကြီးနစ်မြုပ်မှုတွေဖြစ်ပြီး သီးနှံစိုက်ဧက ခုနစ်သိန်းခွဲကျော် (၇၆၆,၅၈၆ ဧက) ရေနစ်မြုပ်ပျက်စီးသွားတယ်လို့ စစ်ကောင်စီက စက်တင်ဘာ ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။

ဝမ်းတွင်းမြို့နယ်အတွင်း ရေကြီးနစ်မြုပ်မှုအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၂ ရက်နေ့က တွေ့ရစဉ်။ Voice Of Wundwin Photo

ရာဂီ မုန်တိုင်းအရှိန်ကြောင့် နိုင်ငံတစ်ဝန်း ရေကြီးနစ်မြုပ်မှုတွေဖြစ်ပြီး သီးနှံစိုက်ဧက ခုနစ်သိန်းခွဲကျော် (၇၆၆,၅၈၆ ဧက) ရေနစ်မြုပ်ပျက်စီးသွားတယ်လို့ စစ်ကောင်စီက စက်တင်ဘာ ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် လယ်ယာတွေမှာ အသုံးပြုတဲ့ ကျွဲ၊ နွား အပါအဝင် တိရစ္ဆာန် အကောင်ရေ တစ်သိန်းကျော် (၁၂၉,၁၅၀) လည်း သေဆုံးတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်တွေမှာ သီးနှံစိုက်ဧက ပျက်စီးမှုတွေ ကြုံနေရတာပါ။

စိုက်ပျိုးရေး သွင်းအားစုတွေ ဈေးနှုန်း မြင့်တက်နေချိန် သီးနှံစိုက်ခင်းတွေ ရေနစ်မြုပ်ပျက်စီးတာကြောင့် ပြန်စိုက်ပျိုးဖို့ အရင်းအနှီး မရှိတော့ဘူးလို့ ရမည်းသင်းမြို့နယ်က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တောင်သူတစ်ဦးက RFA ကို ပြောပါတယ်။

“လယ်တွေ အကုန်ပျက်ကုန်တာ။ စိုက်စရိက်လည်း ကြီးတယ်။ သွင်းအားစုဈေးကလည်း ကြီးတယ်။ အရင်းအနှီး များစွာနဲ့ ရင်းနှီးထားခဲ့ရတာ။ အခုက ရေနစ်မြုပ်ပြီး လယ်ထဲမှာ သစ်တို သစ်စတွေရော၊ နုန်းတွေရော အဲဒါတွေ ပြန်ရှင်းရဦးမှာ။ ဒီတစ်မိုးတော့ ပြန်စိုက်ဖို့ မလွယ်တော့ပါဘူး”

စပါးစိုက်ဧကတွေလည်း ထိခိုက်ပျက်စီးတာကြောင့် ဆန်ဈေးနှုန်းတွေအပေါ် သက်ရောက်လာနိုင်တယ်လို့ သူက ပြောပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ စပါးစိုက်ခင်းတွေအပါအဝင် သီးနှံစိုက်ခင်းများ ပျက်စီးခဲ့ရမှုအတွက် ကူညီထောက်ပံ့ပေးမယ်လို့ စက်တင်ဘာ ၁၈ ရက်မှာ ပျဉ်းမနားမြို့နယ်က ရေဘေးဒုက္ခသည်တွေနဲ့တွေ့ဆုံချိန်မှာ ပြောထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org