တိုက်ပွဲတွေကြောင့် ထွက်ပြေးရတဲ့ ဒုက္ခသည်တွေ နေရပ်မပြန်နိုင်သေး
၂ဝ၁ဝ ရွေးကောက်ပွဲ ကျင်းပတဲ့ နိုဝင်ဘာ ၇ ရက်မှာပဲ ကရင် ပြည်နယ် မြဝတီမြို့မှာ အစိုးရတပ်တွေ နဲ့ DKBA တိုးတက်သောကရင် ဗုဒ္ဓဘာသာ ခွဲထွက်တပ်တွေအကြား တိုက်ပွဲဖြစ်ပွားတဲ့ အတွက် ထိုင်း-မြန်မာနယ်စပ်ကို ထွက်ပြေးလာရတဲ့ စစ်ပြေး ဒုက္ခသည် အများစုဟာ မြေမြှုပ်မိုင်းတွေ ရှိနေတဲ့ အတွက် နေရပ် မပြန်နိုင်ကြသေးဘူးလို့ သိရပါတယ်။
-
2011-04-10 -
-
-
Your browser doesn’t support HTML5 audio
ကိုယ့်အိမ် ကိုယ်ရွာကို ပြန်ချင်ပေမယ့် မပြန်ရဲကြတဲ့အကြောင်းကို ကရင်ပြည်နယ် ဒေသခံတဦးက ပြောပြပါတယ်၊၊
“မိုင်းဗုံးကြောင့်ပဲ ရှင့်။ နယ်စပ်မှာ တလျှောက်လုံး မဟုတ်သည့်တိုင်အောင် တောင်ကုန်း နည်းနည်း မြင့်လာပြီဆိုရင် မိုင်းဗုံးတွေ ထောင်တာရှိတယ်။ နောက် ရွာထဲမှာ ပျဉ်ပုံတွေ ဘေးမှာ ထောင်ထားတာ ရှိတယ်။ အဲဒါကြောင့် လူထုတွေက ပြေးလာပြီး မပြန်ရဲကြဘူး။ မိုင်းထောင်တာတော့ နှစ်ဘက်စလုံးပဲ။ ရွာထဲမှာကျတော့ နအဖ တပ်၊ တောင်ကုန်းတွေကျတော့ အခုကတော့ ဒီကေဘီအေ ပေါ့”
ဒုက္ခသည်တွေဟာ ထိုင်း-မြန်မာနယ်စပ်၊ ထိုင်းဘက်ခြမ်း ပုပ္ဖရခရိုင်မှာရှိတဲ့ လယ်တွေ ပြောင်းခြံတွေမှာ၊ ဒါမှမဟုတ် သောင်ရင်းမြစ်ဖျားအစပ်မှာ ဖြစ်သလို ယာယီတဲထိုး နေကြပြီး ERT- Emergency Relief Team အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က တပတ်တကြိမ် ဒါမှမဟုတ် နှစ်ပတ်တကြိမ် ပေးတဲ့ရိက္ခာကို မှီခိုနေကြရပါတယ်။
မြန်မာဘက်ခြမ်း သေဘောဘိုး ဘက်မှာရှိနေတဲ့ လူတွေကတော့ နေ့သွား ညပြန် လုပ်နေကြတယ်လို့ ကရင်ပြည်နယ်က Saw Steve က ပြောပါတယ်။
“တချို့ကျတော့ နေ့ခင်းပိုင်းမှာ အခြေအနေ ကြည့်ပြီး အသာလေး ကိုယ့်ရွာမှာ ပြန်နေကြည့်တယ်။ ညကျတော့ ပြန်လာအိပ်တယ်။ နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲပြီးတော့ ညနေပိုင်းမှာပဲ နှုတ်ခမ်းမွှေးတို့ အဖွဲ့က မြဝတီနဲ့ ဘုရားသုံးဆူကို သိမ်းတယ်လေ။ သိမ်းပြီးတော့ အဲဒီနောက်ပိုင်းမှာ နအဖ နဲ့ ပြန်ထိုးစစ်ဆင်တာကနေ စပြီးတော့ ဆိုပါတော့။ ၂ဝ၁ဝ နိုဝင်ဘာလ ကတည်းကပဲ”
အဓိက ကတော့ မိုင်းတွေရှိနေတာနဲ့ လုံခြုံရေး အခြေအနေတွေကြောင့် မပြန်ရဲကြတာလို့ ဆိုပါတယ်။ ဒုက္ခသည် တသောင်း ဝန်းကျင်လောက် ထွက်ပြေးလာပြီး ထိုင်း-မြန်မာနယ်စပ် တဝိုက်မှာ ခုထိ ထောင်နဲ့ချီပြီး နေရပ်မပြန်နိုင်ဘဲ ခိုအောင်း နေထိုင်နေရတယ်လို့ ပြောပါတယ်။ သူတို့ ကျန်းမာရေးအတွက် ERT- ဆေးမှူးတွေ ရှိတယ်လို့လည်း သိရပါတယ်။
မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ပြီးသွားတဲ့နောက် အစိုးရသစ် တက်လာပေမယ့်လည်း တိုင်းရင်းသားနယ်မြေတွေမှာ လူ့အခွင့်အရေး အချိုးဖောက်ခံရတာတွေကတော့ အရင်အတိုင်းပဲ ဖြစ်တယ်လို့ သိရပါတယ်။ ဦးနေရိန်ကျော်က စုစည်းတင်ပြထားပါတယ်။
စုစည်းတင်ပြချက်။ |
|
အသံဖိုင်ယူရန်။ |