ဆန္ဒပြလယ်သမားကို အာဏာပိုင်က အကြမ်းဖက်ဖြိုခွဲ

ပဲခူးတိုင်း အနောက်ခြမ်း သဲကုန်းမြို့မှာ ဒီကနေ့ မနက်ပိုင်းက ဆန္ဒပြတဲ့ လယ်သမား အယောက် (၂၀၀) နီးပါးကို အာဏာပိုင်တွေက အကြမ်းဖက် ဖြိုခွဲခဲ့ပြီး လယ်သမား (၅) ဦးကို ခေတ္တ ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

၂၀၁၂ ခုနှစ် ဇူလိုင်လ ၃၁ ရက်က ပဲခူးတိုင်း အနောက်ခြမ်း သဲကုန်းမြို့တွင် လယ်သမား ဆန္ဒပြနေကြစဉ်။ RFA

လယ်သမားတွေက ဆန္ဒပြဖို့ ဇူလိုင်လ (၂၄) ရက်နေ့က ကြိုတင်ခွင့်ပြုချက် တောင်းခံခဲ့ပေမယ့် အာဏာပိုင်တွေဘက်က တစုံတရာ အကြောင်းမပြန်ခဲ့ဘူးလို့ သိရပါတယ်။ လယ်သမား အများစုဟာ ခွင့်ပြုချက် ရရှိထားပြီးပြီလို့ ယူဆပြီး မြို့နယ်ခန်းမကို စုရုံးသွားရောက်ရာမှာ အခုလို အကြမ်းဖက် ဖမ်းဆီးခံရတာလို့ လယ်သမားတဦးက RFA ကိုအခုလို ပြောပါတယ်။

"ကျွန်တော်တို့ လူဦးရေ အယောက်၂၀၀ နီးပါးလောက်လေ။ ငြိမ်းချမ်းစွာ စီတန်း လမ်းလျှောက်လာတာပါ။ ဘာကြွေးကြော်သံမှလည်း မထုတ်ရသေးပါဘူး။ ၂၉ ရက်ညက စထွက်လာပြီး မြို့လယ်ခန်းမ အလွန်လေးမှာ ကျွန်တော်တို့ကို မြို့နယ်ရဲမှူး ဦးထွန်းလွင် သူက ဦးဆောင်ပြီးတော့ အကြမ်းဖက် ဖြိုခွဲတာ ခံရပါတယ်။  သေနတ်တွေနဲ့ အတင်းထိုးကြိတ်၊ တုတ်တွေနဲ့ အတင်းရိုက်။ ဟေ့ကောင်တွေ နေအုံး၊ ပစ်မယ်၊ မင်းတို့ကောင်တွေကို၊ ဥပဒေအရ မင်းတို့ကို မဟုတ်တဲ့အတွက် ခွင့်မပြုနိုင်ဘူး။ ဘာဘူး၊ ညာဘူးနဲ့  ခြိမ်းခြောက်ပြီး အတင်းရိုက်တာပါ။ အဲတာနဲ့ လယ်သမားတွေလည်း ကြောက်လန့် တကြားနဲ့ အကုန်လုံး ထွက်ပြေးရတဲ့ အနေအထား ဖြစ်ပါတယ်။ အဖမ်းခံရတာ ၅ ယောက်ပါဗျ။ ဦးဆောင်တဲ့လူ ကိုအုန်းဟန်ကို အရင်ဆုံး ဖမ်းသွားပါတယ်။ ကိုအုန်းဟန်ကို နံပါတ်တုတ်နဲ့ လည်ပင်းကို ညစ်ပြီးတော့ သူတို့ ဖမ်းသွားတယ်။ ကိုဝင်းလှိုင်ကို ထိုးကြိတ်ပြီး လက်ထိပ်ခတ်ပြီး ခေါ်သွားပါတယ်။ ကျောက်ဆုံကြီး ကျေးရွာက ကိုဝင်းစိုးတို့၊ ကိုကြည်ဝင်းတို့  ကိုအောင်မြိုင်တို့ကိုလည်း သူတို့ ဖမ်းဆီး ခေါ်ဆောင်သွားပါတယ်"

အဲဒီလို ဆန္ဒပြ လယ်သမားတွေကို သဲကုန်းမြို့အဝင် မြို့တော်ခန်းမနားမှာ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ရဲမှူးဦးစီးတဲ့ အာဏာပိုင်အဖွဲ့က နံပါတ်တုတ်တွေနဲ့ ရိုက်ပြီး လမ်းတွေပေါ် ဒရွတ်တိုက် ဆွဲခေါ်ဖမ်းဆီးသွားပုံကို မိမိကိုယ်တိုင် မြင်ခဲ့ရပါတယ်လို့ သဲကုန်းမြို့ခံ ကိုမင်းလွင်ကလည်း RFA ကို ပြောပါတယ်။

"တန်းစီပြီး လာတဲ့အချိန်မှာ ရဲတွေက ဝင်ပြီးဖမ်းပေါ့။ ရိုက်တဲ့လူက ရိုက်ပေါ့။ အဲဒီလို လုပ်တာ။ လုပ်ရင်းနဲ့တချို့ ဆိုလို့ရှိရင် ကျွန်တော် မြင်တာကတော့ဗျာ၊ ရဲတစ်ယောက်က လယ်သမား တစ်ယောက်ကို သူ့လက်ထဲမှာရှိတဲ့ နံပါတ်တုတ်နဲ့ လည်ပင်းကို ညစ်ပြီး တရွတ်တိုက် ခေါ်လာတာ။ အဲဒီ ရဲမှူးတစ်ယောက်က ဆိုလို့ရှိရင် ဆဲဆိုပြီး ရိုက်ကွာ အဲဒီလိုပြောတာ။ အဲဒီသုံးပွင့်နဲ့ "

ဆန္ဒပြမယ့် လယ်သမားအများစုဟာ သဲကုန်းမြို့ အနီးတဝိုက် ကျေးရွာတွေက ဖြစ်ပြီး ခလရ (၈၀)၊ ခမရ (၄)၊ ခမရ (၅) စတဲ့ တပ်မ (၆၆) လက်အောက်ခံ တပ်တွေနဲ့ အမှတ်-၃ ကုမ္ပဏီ လီမိတက်က သိမ်းယူထားတဲ့ လယ်မြေဧက (၁၆၀၀) ကျော်ကို ပြန်လည်ရရှိရေးအတွက် တောင်းဆိုဖို့ ရည်ရွယ်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် အင်းမ တမံကြောင့် လယ်မြေတွေ ရေနစ်မြှုပ်တာကို ကူညီဆောင်ရွက်ပေးဖို့နဲ့ စိုက်ပျိုးစရိတ် ချေးငွေတွေ ရရှိရေး စတာတွေကို တောင်းဆိုဖို့လည်း စီစဉ်ထားခဲ့ကြတယ်လို့ဆိုပါတယ်။ အဖမ်းခံရသူတွေကို နောက်ပိုင်းမှာ ခံဝန်ချက် လက်မှတ်တွေထိုးခိုင်းပြီး ပြန်လွှတ်လိုက်တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org