ရန်ကုန်က စက်ရုံအလုပ်သမားတွေ ကိုဗစ်ကာကွယ်ဆေးထိုးဖို့ ဖိအားပေးခံနေရ
ရန်ကုန်မြို့ စက်ရုံအလုပ်သမားအများစုဟာ စစ်ကောင်စီက စီစဉ်ထိုးပေးနေတဲ့ တရုတ်ကာကွယ်ဆေးအပေါ် စိုးရိမ် မှုတွေရှိပေမယ့် တစ်ဘက်မှာ ကာကွယ် ဆေးထိုးဖို့ ဖိအားပေးခံရတာတွေလည်းရှိနေတယ်လို့ အလုပ်သမားတွေနဲ့ အလုပ်သမားအရေး ကူညီဆောင် ရွက်နေသူတွေက RFA ကို ဒီနေ့ ပြောပါတယ်။
-
ခက်မာ (ဝါရှင်တန် ဒီစီ)
2021-08-27 -
-
-
ရန်ကုန်မြို့ စက်ရုံအလုပ်သမားအများစုဟာ စစ်ကောင်စီက စီစဉ်ထိုးပေးနေတဲ့ တရုတ်ကာကွယ်ဆေးအပေါ် စိုးရိမ်မှုတွေရှိပေမယ့် တစ်ဘက်မှာ ကာကွယ်ဆေးထိုးဖို့ ဖိအားပေးခံရတာတွေလည်းရှိနေတယ်လို့ အလုပ် သမားတွေနဲ့ အလုပ်သမားအရေး ကူညီဆောင်ရွက်နေသူတွေက RFA ကို ဒီနေ့ ပြောပါတယ်။
စက်ရုံအလုပ်သမားတွေကို ငွေကြေးနဲ့ စည်းရုံးတာတွေရှိသလို အချို့စက်ရုံတာဝန်ရှိသူတွေကတော့ ကာကွယ် ဆေးမထိုးရင် အလုပ်ဖြုတ်ခံရမယ်ဆိုတဲ့ ဖိအားပေးခြိမ်းခြောက်မှုတွေရှိနေတာလို့ အလုပ်သမားအရေး ကူညီ ဆောင်ရွက်နေသူတွေက ပြောပါတယ်။
စက်ရုံအနည်းစုက ကိုဗစ်ကာကွယ်ဆေးထိုးဖို့ ဖိအားပေးတာတွေမရှိပေမယ့် အများစုကတော့ ဖိအားပေးပြီး အတင်းအကျပ်ထိုးခိုင်းနေတာ တွေ့ရတယ်လို့ အနာဂတ်အလင်းတန်းဆုံမှတ် ဒါရိုက်တာ မသက်သက်အောင်က RFA ကို ပြောပါတယ်။
“အလုပ်သမားတွေက ဆေးထိုးရမှာ သူတို့ကလေ အရမ်းကြောက်တာသိလား၊ စိုးရိမ်စိတ်ပေါ့နော်။ ဘာဖြစ် လို့လဲဆိုတော့ သူတို့ကို သေသေချာချာ ပြောပြထားတာမျိုးလည်း မရှိဘူး၊ သူတို့ ဒီဆေးအကြောင်းကို ကောင်းကောင်းမသိဘူး၊ အဲဒီတော့ မထိုးချင်ဘူးပေါ့နော်၊ မထိုးချင်ပေမယ့်လည်း ဘာဖြစ်လဲဆိုတော့ ဒီဆေးမထိုးဘူးဆိုလို့ရှိရင် အလုပ်ကနေ ထုတ်ပစ်မယ်ဆိုပြီးတော့ စက်ရုံဘက်ကလည်း သူတို့ကို ပြောလာ တယ်ပေါ့နော်။ တော်တော်များများ စက်ရုံတွေမှာ အဲအတိုင်းဖြစ်နေတယ်ပေါ့နော်။ အခုမီလာဂါးဟင်း ဆိုရင် ပထမက ဆေးထိုးရမယ်လို့ပြောတယ် ဒါပေမဲ့ ဖိအားမပါဘူးပေါ့နော်၊ ဒီနေ့ဆိုရင် သူတို့ကို ဖိအား ပါလာပြီ၊ စာကပ်ပြီ မထိုးမနေရ မထိုးရင် အလုပ်ကဖြုတ်မယ်။ အဲလိုမျိုးအခြေအနေတွေ ဖြစ်နေတာ။ အဲတော့ အလုပ်သမားတွေကပြောတာ ဆေးထိုးလို့ရှိရင် တစ်စုံတစ်ခုဖြစ်ရင် တာဝန်ယူပေးမလားဆိုရင် အဲဒါငါတို့နဲ့ မဆိုင်ဘူး ငါတို့တာဝန်မဟုတ်ဘူး အဲလိုပြောတာ၊ စက်ရုံအနည်းစုကတော့ ထိုးခြင်း၊ မထိုးခြင်း အပေါ်မှာ ဖိအားမပေးဘူး၊ အနည်းစုပဲ အဲဒါက၊ ဒါပေမဲ့ တော်တော်များများကတော့ ဖိအားပေးတယ် မထိုးမနေရ အဲလိုဖြစ်နေတယ်”
ကိုဗစ်ကာကွယ်ဆေးနဲ့ပတ်သက်လို့ အလုပ်သမားတွေကို သေချာရှင်းမပြသလို ဆေးထိုးပြီး နေမကောင်း ဖြစ်ခဲ့ရင်လည်း စက်ရုံးက ခွင့်ရက်မပေးတာကြောင့် အလုပ်သမားတွေဘက်က ကာကွယ်ဆေးထိုးဖို့ ဆန္ဒ မရှိကြဘူးလို့လည်း မသက်သက်အောင်က ဆိုပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၂၁ ရက်နေ့က အလုပ်သမား ၃ သောင်းကျော်ရှိတဲ့ ရန်ကုန်မြို့ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်က Grand Enterprises Garment (GEG) အထည်ချုပ်စက်ရုံမှာ ဖိအားတွေကြောင့် တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးထိုးရတဲ့ အလုပ်သမားအချို့ဟာ ဆေးထိုးပြီးချိန်မှာပဲ ချွေးစေးပြန်ပြီး မူးလဲတာနဲ့ သတိ လစ်တာတွေ ဖြစ်ခဲ့ပါတယ်။
ငွေကြေးနဲ့စည်းရုံးခံရလို့ အလုပ်သမားတွေက ကာကွယ်ဆေးသွားထိုးကြရာမှာ အချို့က မူးလဲတာတွေဖြစ် ခဲ့တာလို့ Grand Enterprises Garment (GEG) အထည်ချုပ်စက်ရုံက လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အလုပ်သမား အမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။
“ဟိုတစ်ပတ်က စနေနေ့က ထိုးပေးတာပေါ့နော်၊ အဲဒါတော့ ကိုယ်တွေ အလုပ်ဆင်းတဲ့နေ့က၊ လိုင်းထိပ်က Iron ကောင်လေးက ဆေးသွားထိုးတယ်၊ ထိုးလည်းထိုးပြီးရော မူးလဲမေ့လဲသွားတာ၊ ကိုယ်တွေလိုင်းရှေ့မှာ ဖြစ်တာပေါ့နော်၊ နောက်တစ်ယောက်ကလည်း သူ့မှာနှလုံးရောဂါရှိတယ်တဲ့ အဲဆေးထိုးပြီးတော့ အသက်ရှု တွေကြပ်လာပြီး မနည်းကိုနှာနှပ်ယူရတယ်၊ ဆေးရုံတွေဘာတွေတော့ မတက်ရပါဘူး အဲလိုအသံတော့ မကြားပါဘူး၊ မူးလဲတာတော့ရှိတယ် ဒါပေမဲ့ စက်ရုံမှာ ဆေးခန်းရှိတယ်၊ ဆေးခန်းမှာပဲ နားလိုက်တော့ သက်သာသွားကြတယ်လို့လည်း ပြောကြတယ်၊ ဆေးမထိုးဘူးဆိုရင် အကျိုးခံစားခွင့်ပေါ့၊ ပြောရမယ်ဆို ခွင့်ပေါ့ မပေးဘူးပေါ့နော် အဲဒါပဲပြောတယ်၊ ဆေးထိုးရင် ငါးထောင်ပေးမယ်ဆိုတော့ အဲမှာတင်လူတွေက စိတ်ဝင်စားပြီးမှ ထိုးကြတာ ပထမ မထိုးကြဘူး တော်တော်များများက၊ ရောဂါလည်း သက်သာမယ်ပေါ့၊ ဒီလိုမုန့်ဖိုးလည်းရမယ်ဆိုပြီး အဲလိုအတွေးတွေနဲ့ ထိုးကြတာ၊ အဲနေ့က ရုံးတိုင်းလိုလိုထိုးတယ်၊ ရုံတွေက ၇ ရုံတောင်ရှိတာကိုး၊ ဆေးရုံရောက်သွားတဲ့ အနေအထားအထိတော့ မကြားပါဘူးရှင့်”
ကာကွယ်ဆေးထိုးရင် တစ်ဦးကို မုန့်ဖိုးငွေကျပ် ငါးထောင်ပေးမှာဖြစ်ပြီး ဆေးမထိုးရင် အကျိုးခံစားခွင့်တွေရမှာ မဟုတ်ဘူးလို့ စက်ရုံတာဝန်ရှိသူတွေက ပြောဆိုတာကြောင့် စက်ရုံအလုပ်သမား ၁၀၀၀ ခန့် ဆေးထိုးဖို့ စာရင်း ပေးထားကြတယ်လို့ သူက ဆိုပါတယ်။
"သူတို့ ဒီဆေးအကြောင်းကို ကောင်းကောင်းမသိဘူး၊ အဲဒီတော့ မထိုးချင်ဘူးပေါ့နော်"
စက်ရုံအလုပ်သမား တစ်ဦးချင်းစီရဲ့ ကျန်းမာရေးရာဇဝင်တွေကိုပါ မေးမြန်းစစ်ဆေးတာမရှိဘဲ ကာကွယ်ဆေး ထိုးလိုက်တဲ့အတွက် အခုလို မူးမေ့လဲတာတွေဖြစ်ခဲ့တာလို့ GEG စက်ရုံနဲ့နီးစပ်တဲ့ လုံခြုံရေးအရ အမည်မဖော် လိုတဲ့ အလုပ်သမားအရေး ဆောင်ရွက်နေသူတစ်ယောက်က RFA ကို ပြောပါတယ်။
“စစချင်း သတင်းထွက်တာတော့ ကိုယ်ဝန်သည်ပဲ မေ့လဲသွားတယ်ဆိုတာလောက်ပဲ ကျနော်တို့ စစချင်း သတင်းရတာပေါ့၊ ဒါပေမဲ့ နောက်ကျမဟုတ်ဘူး အဲမှာရှိတဲ့ ယောင်္ကျားလေးတွေပါ ချွေးတွေတအားထွက် လာပြီး သတိလစ်ပြီး လဲတာမျိုးဖြစ်တယ်၊ နောက်ဆေးထိုးပြီးပြီးချင်းကို လဲတာမျိုးတွေဖြစ်တာမျိုးလည်း ရှိတယ်၊ အခုမေးကြည့်ရသလောက်ဆို ရောဂါနောက်ခံ ဘာမှစစ်တာမျိုး မဟုတ်ဘဲ အောက်ဆီဂျင်လောက် ပဲ တိုင်းကြည့်တယ်၊ တိုင်းကြည့်ပြီးတော့ ဆေးထိုးပေးလိုက်တဲ့ အနေအထားမျိုးဖြစ်တယ်လို့ ကျနော်တို့ လက်ရှိသိရတယ်”
အခုလို ကာကွယ်ဆေးထိုးမယ့်သူရဲ့ ကျန်းမာရေးအခြေအနေကို သေချာမစစ်ဆေးဘဲ ထိုးတာဟာ မဖြစ်သင့် ဘူးလို့လည်း သူက ဝေဖန်ပါတယ်။
GEG အထည်ချုပ်လုပ်ငန်းမှာ အလုပ်ရုံခွဲ ၇ ခုရှိပြီး ခန့်မှန်းအလုပ်သမား သုံးသောင်းကျော်ရှိပြီး ဩဂုတ်လ ၂၁ ရက်နေ့ စက်ရုံအမှတ် S၊ N၊ E နဲ့ W တွေမှာ ကာကွယ်ဆေးထိုးပြီး မူးမေ့လဲတာအချို့ ဖြစ်ခဲ့တာကြောင့် နောက်ရက်စလို့ ကာကွယ်ဆေးထိုးတာတွေကို ရပ်ထားတယ်လို့လည်း အလုပ်သမားတွေက ဆိုပါတယ်။
လက်ရှိစစ်ကောင်စီကလုပ်နေတာဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတ်မှတ်ထားတဲ့အတိုင်း စနစ် တကျ မဟုတ်တာကြောင့် မြန်မာပြည်သူတွေ ကိုဗစ်ကာကွယ်မှုရဖို့ အခက်အခဲတွေ ဖြစ်လာနိုင်တယ်လို့ အမျိုသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ဩဂုတ်လ ၂၄ ရက် နေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
“WHO တို့ဘာတို့နဲ့ အသိအမှတ်ပြုထားပြီး သဘောတူထားပြီးသား အစီအစဉ်အတိုင်း ထိုးရမှာဖြစ်ပါတယ်၊ တကယ်တော့ ခုထိုးနေတဲ့ပုံစံဟာ အဲလိုမျိုးပုံစံ ထိုးတာမဟုတ်တဲ့အတွက် ဆေးထိုးတဲ့အခါမှာ အခုတွေ့နေ ရတဲ့ တွေ့ရှိချက်တွေအရ တကယ်ကိုစနစ်တကျ ထိုးနှံနိုင်ခြင်း မရှိတဲ့နေရာတွေ အများကြီးဖြစ်နေတာကို တွေ့ရတဲ့အတွက် ကျနော့်အနေနဲ့တော့ ဒါနဲ့ပတ်သက်ပြီး ပြည်သူလူထုရော ကျနော်တို့ တစ်နိုင်ငံလုံးရော ကိုဗစ်ကာကွယ်မှုရရှိဖို့အတွက် အခက်အခဲဖြစ်နိုင်တယ်လို့ ကျနော့်အနေနဲ့ ဖြေကြားချင်ပါတယ်”
NUG အစိုးရအနေနဲ့ မြန်မာပြည်သူတွေ ကိုဗစ်ကာကွယ်ဆေး စနစ်တကျထိုးနှံနိုင်ဖို့အတွက် ကြိုစားနေပြီး မကြာခင်မှာလည်း WHO ကနေ အမေရိကန်နိုင်ငံထုတ် ဖိုက်ဇာကာကွယ်ဆေး ၄ သန်းနဲ့ တရုတ်နိုင်ငံထုတ် ဆိုင်နိုဗက် ၂.၂ သန်းရဖို့ရှိသလို ဒေါ်အောင်ဆန်းစုကြည်လက်ထက် အိန္ဒိယကနေ ဝယ်ယူထားပြီးသား ကိုဗစ်ရှိးကာကွယ်ဆေး ၁၅ သန်းကိုလည်း ရရှိအောင်လုပ်ဆောင်နေတယ်လို့ ဒေါက်တာဇော်ဝေစိုးက ပြောဆိုခဲ့ပါတယ်။
စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးကတော့ မြန်မာနိုင်ငံမှာ လက်ရှိ WHO ကအသိအမှတ်ပြုထားတဲ့ ကာကွယ်ဆေးကိုပဲ သုံးတာ ကြောင့် ဘာဆိုးကျိုးမှ မဖြစ်နိုင်ဘူးလို့ ဩဂုတ်လ ၂၃ ရက်နေ့ MRTV နဲ့ အင်တာဗျူးမှာ ဖြေဆိုထားပါတယ်။
“အဆင့်တိုင်းမှာ မှတ်ကျောက်တင်ခံနိုင်တဲ့ ကာကွယ်ဆေးတွေကိုသာ ကျမတို့က အသုံးပြုတာဖြစ်ပါတယ်၊ WHO ကလည်း အသိအမှတ်ပြုတာဖြစ်ပါတယ်၊ အသိအမှတ်ပြုပြီးသား ကာကွယ်ဆေးတွေကိုပဲ ကျမတို့ အသုံးပြုတာဖြစ်တဲ့အတွက် ပြည်သူလူထုအနေနဲ့ စိတ်ချယုံကြည်စွာနဲ့ ထိုးနှံနိုင်ပါတယ်ဆိုတာကို ပြော လိုပါတယ်၊ မသိလိုက်ဘဲနဲ့ ကာကွယ်ဆေး ထိုးမိလိုက်တယ် ထိုးမိရင်ရော ဘာဖြစ်နိုင်သလဲ ဘာမှဆိုးကျိုး မဖြစ်နိုင်ပါဘူး၊ ကာကွယ်ဆေး ထိုးထားတဲ့အတွက်ကတော့ ဒါဆိုးကျိုးကတော့ မရှိပါဘူး ကောင်းကျိုးပဲ ရှိဖို့များပါတယ်”
အခု စက်ရုံအလုပ်သမားတွေထဲမှာ ကာကွယ်ဆေးထိုးနှံဖို့ ဖိအားပေးခံနေရပေမယ့် ကာကွယ်ဆေးကြောင့် မူးလဲသူအချို့ရှိတာကြောင့် ဆေးထိုးဖို့အတွက် စိုးရိမ်နေကြရတာလို့ အလုပ်သမားအရေး ဆောင်ရွက်နေသူ တွေက ပြောပါတယ်။
မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းရဲ့ ပြီးခဲ့တဲ့ ဇွန်လက ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အပြီးပိတ်သိမ်းသွားတဲ့စက်ရုံ ၁၁ ရုံနဲ့ ယာယီပိတ်ထားတဲ့ စက်ရုံ ပေါင်းက ၄၁ ရုံရှိ လက်ရှိလည်ပတ်နေတဲ့ အထည်ချုပ်စက်ရုံပေါင်း ၅၀၂ ရုံရှိပါတယ်။