မြန်မာပေါင်ချိန်စက်ရုံ ဆန္ဒပြအလုပ်သမား ၂၉ ဦး အလုပ်ထုတ်ခံရ
တစ်နေ့လုပ်အားခ ကျပ် ၄၈၀၀ ဟာ လက်ရှိတက်နေတဲ့ ကုန်ဈေးနှုန်းနဲ့ မကိုက်ညီလို့ သင့်တင့်မျှတတဲ့ အနည်းဆုံး လုပ်ခလစာ တစ်နေ့ ၄၈၀၀ ကျပ်ကနေ ၈၀၀၀ ကျပ် တိုးပေးဖို့ တောင်းဆိုခဲ့ကြတာပါ။
- 2022-10-31
-
-
-
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် မြန်မာပေါင်ချိန်အထည်ချုပ်စက်ရုံမှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၅ ရက်နေ့က လုပ်ခလစာ တိုးမြှင့်ပေးဖို့ ဆန္ဒပြခဲ့ကြပြီး အဲဒီအထဲက အလုပ်သမား ၂၉ ဦးကို အလုပ်ထုတ်ခဲ့တယ်လို့ အဲဒီစက်ရုံ အလုပ်သမားတွေက RFA ကို ပြောပါတယ်။
တာဝန်ကျလုပ်ငန်းခွင်ကနေ စက်ရုံအတွင်း လူစုလူဝေးနဲ့ သုံးရက်ကြာ ဆန္ဒပြခဲ့တာကြောင့် အောက်တိုဘာလ ၂၇ ရက်နေ့မှာ ကုမ္ပဏီဘက်က စာထုတ်ပြီး အလုပ်သမား ၂၆ ဦးကို အလုပ်ထုတ်ခဲ့သလို ၂၉ ရက်နေ့မှာ တစ်ဦးနဲ့ ၃၁ ရက် ဒီနေ့မှာ နှစ်ဦး အလုပ်ထုတ်ခံခဲ့ ရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
တစ်နေ့လုပ်အားခ ကျပ် ၄၈၀၀ ဟာ လက်ရှိတက်နေတဲ့ ကုန်ဈေးနှုန်းနဲ့ မကိုက်ညီလို့ သင့်တင့်မျှတတဲ့ အနည်းဆုံး လုပ်ခလစာ တစ်နေ့ ၄၈၀၀ ကျပ်ကနေ ၈၀၀၀ ကျပ် တိုးပေး ဖို့ တောင်းဆိုခဲ့ကြတာပါ။
အဲဒီအထဲမှာ ဆန္ဒပြပွဲဦးဆောင်သူတွေနဲ့ စက်ရုံဝန်ထမ်းအငယ်တွေ ပါဝင်တယ်လို့ မြန်မာ ပေါင်ချိန် အထည်ချုပ်စက်ရုံ အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“အခုတော့ အလုပ်ထုတ်ခံရတဲ့သူတွေကို အလုပ်ပြန်ခန့်ဖို့ ဒီနေ့နွေးဆွေးဖြစ်ခဲ့တယ်။ သူတို့ဘက်က စက်ရုံ စည်းမျဉ်းစည်းကမ်းထဲက ခွင့်မဲ့ သုံးရက်ပျက်လို့ အလုပ်ထုတ်ထား တာလို့ စာထုတ်ထားတယ်။ ဒါကိုလည်း ပြန်ပြီး ချေပခဲ့တယ်။ အလုပ်သမားညွှန်ကြား ရေး ဦးစီးဌာန (အလည) ဘက်ကလည်း EC စာချုပ်နဲ့ မငြိလို့ အလုပ်ရုံနဲ့ အလုပ်သမား ဥပဒေ စစ်ဆေးရေးဦးစီးဌာန (အလစ) ဘက်ကို လွှဲထားတယ်။ ဒီလိုလုပ်တာဟာ ဥပဒေ နဲ့ ညီမှုမရှိဘူး။ ဒါကြောင့် အဆုံးထိသွားဖို့ ဆုံးဖြတ်ထားပါတယ်”
မြန်မာပေါင်ချိန်အထည်ချုပ်စက်ရုံက ထိုင်ဝမ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပြီး အလုပ်သမား ခြောက်ထောင်လောက်နဲ့ လုပ်ငန်းလည်ပတ်နေတာ ဖြစ်ပါတယ်။
၂၀၁၃ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့တဲ့ အနည်းဆုံးအခကြေးငွေ ဥပဒေ ပုဒ်မ - ၅ (ဇ) အရ အနည်းဆုံး အခကြေးငွေ နှုန်းထားကို နှစ်နှစ်မှာ အနည်းဆုံးတစ်ကြိမ် ပြင်ဆင်သတ်မှတ်ပြီး ကြေညာရ မယ်လို့ ပြဋ္ဌာန်းထားပေမယ့် ၂၀၁၈ ခုနှစ် က ဒုတိအကြိမ် ပြင်ဆင်ပြီးကတည်းက အခုထိ ထပ်မံပြင်ဆင်ပြဋ္ဌာန်းတာ မရှိသေးပါဘူး။