အခြေခံဥပဒေ ပြင်ဆင်ရေး EU ဖိအားပေး
မြန်မာအစိုးရအနေနဲ့ အခြေခံဥပဒေ နဲ့ ရွေးကောက်ပွဲဆိုင်ရာ ပြုပြင်ပြောင်းလဲ မှုတွေကို ခေတ်နဲ့အညီ ဆက်လက်ဆောင် ရွက်ဖို့ တိုက်တွန်းကြောင်း ဥရောပသမဂ္ဂ EU အဖွဲ့ ရဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးက ဒီဇင်ဘာလ ၁၆ ရက်နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
-
2013-12-16 -
-
-
မြန်မာအစိုးရအနေနဲ့ အခြေခံဥပဒေနဲ့ ရွေးကောက်ပွဲဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို ခေတ်နဲ့အညီ ဆက်လက်ဆောင်ရွက်ဖို့ တိုက်တွန်းကြောင်း ဥရောပသမဂ္ဂ EU အဖွဲ့ရဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးက ဒီဇင်ဘာလ ၁၆ ရက်နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
လွတ်လပ်မျှတပြီး အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲတွေ ဖြစ်မလာဘူးဆိုရင် မြန်မာနိုင်ငံဟာ ပြည်တွင်းမငြိမ်သက်မှုတွေ၊ ဒီမိုကရစီ ပြုပြင်ပြောင်းလဲမှု နောက်ပြန် လျောကျနိုင်ခြေတွေနဲ့ ရင်ဆိုင်ရမှာဖြစ်တာကြောင့် ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ရေရှည်ခိုင်မာဖို့အတွက် ခေတ်သစ် ဒီမိုကရေစီ လိုအပ်ချက်တွေနဲ့အညီ အခြေခံဥပဒေကို ပြန်လည်သုံးသပ်သင့်တယ်လို့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
ဒါ့ပြင် နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးခဲ့တဲ့ကိစ္စနဲ့ လက်ရှိဆောင်ရွက်နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ကြိုဆိုလိုက်ပြီး ယုံကြည်ချက်ကြောင့် ဖမ်းဆီးခံရသူတွေ နောက်ထပ်မရှိဖို့၊ တပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး၊ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ပေါ်ပေါက်လာဖို့ မျှော်လင့်ကြောင်း၊ ရခိုင်ပြည်နယ်မှာ မတူကွဲပြားသူတွေကြား ပဋိပက္ခတွေ အေးငြိမ်းသွားရေး၊ အစွန်းရောက် အကြမ်းဖက်လုပ်ရပ်တွေကို လုံးဝသည်းမခံဘဲ ပြတ်ပြတ်သားသား တားဆီးနှိမ်နင်းရေး၊ ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီတွေပေးနေကြတဲ့ အဖွဲ့အစည်းတွေကို အကူအညီပေးရေး စတာတွေ ဆောင်ရွက်ဖို့လည်း တိုက်တွန်းထားပါတယ်။